top of page

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ကိုယ်ပိုင် အမှတ် - ပစ/၁၂၇၁၄၆ တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

  • Jul 16, 2025
  • 1 min read


အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ကိုယ်ပိုင် အမှတ် - ပစ/၁၂၇၁၄၆ တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

 

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

 

စစ်မှုမထမ်းမနေရ ဥပဒေအား ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်းနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်၏ စုဆောင်းခြင်းကိုခံခဲ့ရသော မြန်မာပြည်အနှံအပြားမှ လူငယ်များသည် တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်း စစ်မြေပြင်များသို့ အသီးသီး ပို့ဆောင်ခြင်းကိုခံရကာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းသည့်ကိစ္စရပ် နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိစ္စရပ်များတွင် မိမိ၏ စိတ်သဘောဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံများအဖြစ် ပါဝင်လျက်ရှိကြသည်။

 

ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့မဟုတ်) ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရလျှင်ရသလို၊ အခြေအနေပေးလျှင်ပေးသလို ရှေ့တန်းစစ်မြေပြင်များမှ နီးစပ် ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလာကြသည်။

 

တစ်ပြိုင်နက်တည်းတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံ့တွင် စစ်ရှုံးကာ စခန်းပေါင်း မြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်းပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။ သို့သော်လည်း ယခင်နှစ်များ၌နည်းတူ နေရာအများစုတွင် အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင် နေရပြီး ၎င်းတို့၏ လက်ပူတိုက် သင်တန်းပေးထားသော တပ်ဖွဲ့ဝင်များမှာလည်း အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်လိုခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးလျက်ရှိနေကြသည်။ အချိန်နှင့် အမျှ ထွက်ပြေးရန်ကြိုးစားနေကြသည်။

 

အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် အမ်း-ပဒါန်း စစ်မြေပြင်မှတစ်ဆင့် အလင်းဝင်ရောက်လာကြသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှ တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက် ရုပ်သံ မှတ်တမ်းသည် အထက်ဖော်ပြပါ အကြောင်းအရာ အချက်အလက်များ မှန်ကန်ကြောင်း ထင်ဟပ်နေသည်။

 

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အမျိုးမျိုးညှဉ်းပန်း နှိပ်စက်ခြင်းကိုခံနေရသော မြန်မာပြည်အနှံ့မှ လူငယ်များအနေဖြင့် အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းလိုပါက မိမိတို့တပ်ရှိရာ မည်သည့်နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှု ရရှိစေရေးကို အာရက္ခတပ်တော်မှ အာမခံပါသည်။

 

July 15, 2025

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page