top of page

ကျောက်တော်မြို့၊ ဂွမြို့ နှင့် ကျိန္တလီမြို့တို့အား အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရရှိခြင်းများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

  • 15 hours ago
  • 2 min read

Updated: 1 hour ago



ကျောက်တော်မြို့၊ ဂွမြို့ နှင့် ကျိန္တလီမြို့တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် 


၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက် 


၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်မှစ၍ အာရက္ခပြည်၊ ကျောက်တော်မြို့ပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များ နှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄) စီးဖြင့် တစ်နာရီနီးပါးကြာ နှစ်ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 


၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်မှစ၍ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ပထမအကြိမ် ဂျက်ဖိုက်တာ (၂) စီးဖြင့် ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ-၃ လမ်းမ အပါအဝင် စုစုပေါင်း အရပ်သားပြည်သူများနေထိုင်သည့် နေရာ (၅) ခုကို Rocket သီး (၁၃) လုံး နှင့် ပေါင် (၅၀၀) ဗုံး (၃) လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။


ဒုတိယအကြိမ်တွင်လည်း ဂျက်ဖိုက်တာ (၂) စီးဖြင့် ကျောက်တော်မြို့၊ လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက် ကို ပေါင် (၅၀၀) ဗုံး (၄) လုံး၊ ပေါင် (၃၀၀) ဗုံး (၁) လုံး နှင့် Rocket သီး (၂) လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။


ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ တစ်နာရီနီးပါးကြာသည့် ၎င်းလေကြောင်းတိုက်ခိုက်မှုအတွင်း (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၈) ဦးသေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်များ၊ ဈေးဆိုင်ခန်းများအပါအဝင် အဆောက်အအုံ (၃၀) ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရသည်။


 ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ ည (၁၂) နာရီအချိန်ခန့်တွင်လည်း ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စာသင်ကျောင်းဆောင်များနှင့် အနီးအနားမှ ပြည်သူတို့၏ နေအိမ်အချို့ပျက်စီးခဲ့ပြီး နွားတစ်ကောင်သေဆုံးကာ အခြားနွားတစ်ကောင်မှာ ဒဏ်ရာရရှိခဲ့သည်။


၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့၊ ည (၇) နာရီ (၁၅) မိနစ် အချိန်ခန့်တွင်လည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ကာ (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးသွားခဲ့ရသည်။


ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့၊ ညနေ (၃) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ တောလယ်ရပ် အရှေ့ဘက်ရှိ ရေနံတူးရာအနီးတစ်ဝိုက်သို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အသေခံဒရုန်း (၂) စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နွား (၂) ကောင်သေဆုံးသွားခဲ့သည်။


၂၀၂၆ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့၊ ည (၁၁) နာရီခွဲ အချိန်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ အမှတ် (၄) တိုက်နယ်၊ ကုလားတွင်းကျေးရွာ နှင့် ဘယာကျေးရွာတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y12 လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ပြည်သူများ၏ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး နွား (၃) ကောင် သေဆုံးခဲ့သည်။


၂၀၂၆ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ရေကြောင်းမှ ခရီးသွားပြည်သူများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများပေါ်မှ စက်သေနတ်များဖြင့် လှမ်းပစ်၍ ခရီးသွားပြည်သူအချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ထို့အပြင် ၎င်းသံဇစ်မြစ်အတွင်းမှာပင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့၊ ညနေ (၅) နာရီအချိန်တွင် မင်းပြားမြို့မှ ရမ်းဗြဲမြို့သို့ ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော မော်တော်ဘုတ်တစ်စီးအား အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောမှ ဖမ်းဆီးခဲ့ပြီး ၎င်းမော်တော်ဘုတ်၌ လိုက်ပါလာသည့် ကုန်သည်နှင့် လုပ်သား စုစုပေါင်း (၁၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီးမှုများရှိခဲ့သည်။


ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် အာရက္ခပြည်၊ ကျောက်တော်မြို့ပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များ နှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့ အရပ်သား ပြည်သူများ


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page