အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ
- 11 hours ago
- 1 min read










အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁) ရက်
အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့် နေအိမ် အဆောက်အအုံအချို့မှာ ပျက်စီးဆုံးရှုံးမှုများ ဆက်လက်ရှိနေခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ ညနေ (၃) နာရီခန့် အချိန်တွင် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံး (၃) လုံးကို ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးသီးများမှာ ရွှေလှေကျေးရွာရှိ ဦးမျိုးဇော်ဝင်း၏ ဈေးဆိုင်အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆိုင်ပိုင်ရှင်လင်မယားဖြစ်ကြသည့် ဦးမျိုးဇော်ဝင်းနှင့် ဒေါ်မေမြတ်လွင် အပါအဝင် ဆိုင်အရောင်းဝန်ထမ်းတစ်ဦးဖြစ်သော မဆွေဇင်အေးမှာလည်း အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ဦးမျိုးဇော်ဝင်း၏သား အသက် (၁) နှစ် နှင့် (၄) လအရွယ်ရှိသော မောင်ဉာဏ်လင်းအောင်မှာ ဗုံးစထိမှန်၍ ပြင်းထန်သည့်ဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်နေစဉ် လမ်းခုလတ်တွင် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် (၃) ဦးပါမိသားစုတစ်စုနှင့် ဈေးဆိုင်ဝန်ထမ်း (၁) ဦးအပါအဝင် စုစုပေါင်း (၄) ဦးသေဆုံးခဲ့သည်။
ထို့အပြင် ၎င်းဈေးဆိုင်အနီးဝန်းကျင်မှ အပြစ်မဲ့ပြည်သူ (၂) ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည့်အပြင် လူနေအိမ်၊ ဈေးဆိုင်နှင့် ကား၊ ဆိုင်ကယ်အချို့တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ ည (၁၀) နာရီခွဲအချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ လင်းမူတောင်ကျေးရွာအနီးရှိ ယခင် "ကျောက်ခွဲစက်ရုံဟောင်း" ရှိသောနေရာကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ ညနေ (၃) နာရီခန့် အချိန်တွင် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းဓာတ်ပုံများ
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်




Comments