top of page

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ အာရက္ခပြည်သူတချို့အား ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့ကြသော ရုပ်အလောင်းတချို့ကို လုံခြုံရေးဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်များ တွေ့ရှိ

ree

ree

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ အာရက္ခပြည်သူတချို့အား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့ကြသော ရုပ်အလောင်းတချို့ကို လုံခြုံရေးဆောင်ရွက်နေသည့် အာရက္ခတပ်တော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တွေ့ရှိ

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်

 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့သည် မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နှင့် (၅၇) အကြား ပွိုင့် (၆၀၁) ကုန်းရှိ မိမိတို့ အာရက္ခတပ်တော်၏ နယ်စပ်လုံခြုံရေးတပ်စခန်းနှင့် ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းတို့အား သိမ်းပိုက်ရန် ရည်မှန်းချက် ဖြင့် ၎င်းတို့အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ နည်းလမ်းမျိုးစုံနှင့် အချိန်ယူ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ခဲ့ ကြသည်။

 

အကြမ်းဖက် ARSA အဖွဲ့သည် အာရက္ခတပ်တော်၏ အဆိုပါ လုံခြုံရေးစခန်းနှစ်ခုအား သိမ်းရန် ကြိုးစားနေစဉ် ကာလအတွင်း စခန်းနှစ်ခုသို့ သွား/လာရာလမ်းတစ်လျှောက်တွင် တွေ့သမျှသော မူဆလင်မဟုတ်သည့် အရပ်သား ပြည်သူများအား နှုတ်ပိတ်သည့်အနေဖြင့် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ကာ အလောင်းများကို လူပြတ်သောနေရာ (သို့မဟုတ်) လူအရောက်နည်းသော နေရာများ၌ စွန့်ပစ်၍ ထားခဲ့ကြသည်။

 

ထိုအချိန်ကာလအတွင်း၌ ရပ်ရွာများဘက်မှ မိမိတို့ အရပ်ဘက်အုပ်ချုပ်ရေးသို့ လူပျောက်တိုင်တန်းလာခဲ့သည်မှာ (၁၀) ဦးရှိခဲ့သည်။

 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ ညနေ (၃) နာရီခန့်အချိန်တွင်လည်း မိမိတို့၏ လုံခြုံရေး တပ်ဖွဲ့ဝင်များ သည် မောင်တောနယ်စပ်၌ လုံခြုံရေးဆောင်ရွက်နေစဉ် မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာ၏ အနောက် မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာတွင်ရှိသော ငှက်ပျောတောအုပ်ထဲနေရာ၌ အရည်ပျော်ပြီး အရိုးစုများသာ ကျန်ရှိတော့သည့် အလောင်း (၆) လောင်းကို ရုပ်ပျက်ဆင်းပျက် အနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။

 

ငှက်ပျောတောအုပ်အတွင်း အလောင်းတစ်လောင်းစီကို နေရာ (၂) ခုဖြင့်လည်း ကောင်း၊ နှစ်လောင်းစီကို နေရာ (၂) ခုဖြင့်လည်းကောင်း အလောင်း (၆) လောင်းအား နေရာ (၄) ခု ခွဲ၍ စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်။

 

၎င်းရုပ်အလောင်းများမှာ မိမိတို့၏  လုံခြုံရေး စခန်းနှစ်ခုအား တိုက်ခိုက်ရန်လာကြသော စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်များ၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် မောင်တောနယ်စပ် တမန်းသားရွာနှင့် ဒုံးညိုရွာများမှ ပျောက်ဆုံးနေသော ရွာသားများအနက်မှ (၆) ဦး၏ ရုပ်အလောင်းများဖြစ်နိုင်ကြောင်း ကနဦး ခန့်မှန်းချက်အရ သိရှိရပါသည်။

 

ထို့ပြင် အလောင်းများတွေ့ရသည့်နေရာ၏ စိုထိုင်းမှုလွန်ကဲခြင်းနှင့် စနစ်တကျ မမြှုပ်နှံဘဲ စွန့်ပစ်ထားခဲ့ခြင်း များကြောင့် အလောင်းများမှာ အရည်ပျော်ပြီး အရိုးများသာ ကျန်တော့သဖြင့် မှုခင်းဆေးပညာ ဝန်ထမ်းများနှင့် အတူ လူပျောက်မိသားစုများ ပူးပေါင်း၍ အလောင်းများအား မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြမ်းလျက်ရှိသည်။

 

အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ပြေးသွားကြသော စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်များကို နယ်စပ်ရေးရာ သံတမန်ရေးအရ နယ်မြေဖြတ်ကျော် ရှင်းလင်းရန် ခက်ခဲသော်လည်း အာရက္ခဒေသအတွင်း၌ ထွက်ပြေးနေသော ARSA အဖွဲ့ဝင်များကို လိုက်လံရှင်းလင်းကာ ဒေသအတွင်း အကြမ်းဖက်အန္တရာယ် ကင်းဝေးစေရန်နှင့် ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက် ကိုင်အဖွဲ့ဝင်များသည် အာရက္ခ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် နယ်စပ်ရှိ မိဘပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာသည့်အချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာကြသည်များကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမည့် အရေးကြီးကိစ္စများရှိပါကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံးနေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြပါရန် လုံခြုံရေးအရ ထပ်မံ သတိပေးအပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page