ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ ဂွကမ်းခြေတစ်လျှောက်ရှိ အရပ်သားပြည်သူများရှိရာနေရာများသို့ စစ်သင်္ဘော (၄) စီးပေါ်မှ ရမ်းသန်းပစ်ခတ်
- 2 hours ago
- 1 min read










ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ ဂွကမ်းခြေတစ်လျှောက်ရှိ အရပ်သားပြည်သူများရှိရာနေရာများသို့ စစ်သင်္ဘော (၄) စီးပေါ်မှ ရမ်းသန်းပစ်ခတ်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်
ရက္ခိုင်-ဧရာဝတီ အစပ် တိုက်ပွဲများတွင် စခန်းကုန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်ရခြင်း၊ အထိအခိုက်အကျအဆုံးများနှင့် နေ့စဉ်ရက်ဆက်ရင်ဆိုင်နေရသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂွမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲခြင်း၊ ရေကြောင်းမှ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို တောက်လျှောက်ပြုလုပ်ကာ အကြမ်းဖက်မှုများကိုကျူးလွန်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် နံနက် (၇) နာရီ (၄) မိနစ်ခန့်အချိန်မှစ၍ နေ့လယ် (၁၂) နာရီ (၄၅) မိနစ်အချိန်အထိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂွကမ်းခြေ နှင့် ဧရာဝတီတိုင်း ဘောမိကမ်းခြေ တစ်လျှောက်ကို စစ်သင်္ဘော (၄) စီးပေါ်မှ မရပ်မနား အစုန်အဆန် လှည့်ပတ်ပြီး လက်နက်ကြီး အကြိမ်အရေအတွက် (၈၇) ကြိမ်ခန့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်အချို့ မှာ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက်မှ ဒေါ်မထား (၄၅ နှစ်)၊ ဒေါ်သန်းမေ (၇၄ နှစ်)၊ မရတနာထွန်း (၅ နှစ်)၊ ဦးညိုထွန်း (၄၈ နှစ်)၊ မသင်းသီရိထွန်း (၁၇ နှစ်) နှင့် ဒေါ်မိဝိုင်း (၅၀ နှစ်) တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး နေအိမ်များလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ ည (၁၀) နာရီကျော်နှင့် (၁၁) နာရီခွဲ ခန့်အချိန်တို့တွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂွမြို့နယ်အား ဂျက်ဖိုက်တာ (၂) စီးဖြင့် နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူများနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့မှု မှတ်တမ်းဓာတ်ပုံအချို့
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
