တိုက်ပွဲသတင်းထုတ်ပြန်ချက်
- ULA / AA
- 22 minutes ago
- 2 min read





တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်
ဖက်ဆစ်အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် နိုင်ငံအနှံ့အပြားမှ စိတ်ဓာတ်ပျက်ပြားကာ တိုက်ခိုက်လိုစိတ်မရှိဘဲ တပ်ပြေးလိုစိတ်သာထက်သန်နေကြသော ၎င်းတို့၏ လက်ကျန်တပ်ဖွဲ့ဝင်များနှင့် အတင်းအဓမ္မ စုဆောင်းထားသော တပ်ဖွဲ့ဝင်အသစ်များအား စိတ်ဓာတ်မြှင့်တင်ရေးအတွက် ၎င်းတို့၏အားသာချက်ဖြစ်သည့် လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းများနှင့် စစ်အင်အားအများအပြား စုပြုံသုံး ဗျူဟာသည် ၂၀၂၅ ခုနှစ်၊ မတ်လဆန်းစမှ အရှိန်မြှင့်ကာ မိမိတို့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ သိမ်းထားသော စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ်အပါအဝင် စစ်ရေးအရ အရေးပါ သောနေရာများကို ပြန်လည်သိမ်းပိုက်ရရှိရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာတွင် အချို့သောနေရာများ၌ အောင်မြင်မှု အနည်းငယ်ရရှိခဲ့သည်။
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းမြောက်ဒေသအတွင်းမှ ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည့် တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ၏ နေရာအချို့တွင် ၎င်းတို့သည် အသာစီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီးဘဝင်မြင့်ပြီး ယုံကြည်မှုလွန်ကဲနေသော ၎င်းတို့၏ အနိုင်ရ တပ်ဖွဲ့များနှင့်စုဖွဲ့ထားသော တပ်ရင်း၊ စစ်ကြောင်းများအား အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့် စစ်မြေပြင်နေရာများသို့ ရွှေ့ပြောင်းကာ ထိုးစစ်ဆင် တိုက်ခိုက်လာသော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာအရ မယှဉ်သာနိုင်သကဲ့သို့ မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလျက်ရှိကြသည်။ မရှုမလှ ပိုင်ရှင်မဲ့အလောင်းများကို ချန်ထားခဲ့ကြရသည့်အပြင် အာရက္ခတပ်တော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေကြသော တိုက်ပွဲများတွင်လည်း ယခင်နည်းတူ ဆက်လက် အထိနာလျက်ရှိသည်။
စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံ ခမရ (၅၇၄) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ-ဆလအခွဲ (၉၄၄) မှတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော စစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ (၄) ရက်၊ နေ့လယ် (၁၂) နာရီ (၂၁) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက် မီတာ (၂၈၀၀) ခန့်အကွာအဝေးတွင် မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အပြန် အလှန်တိုက်ခိုက်မှုအပြီးတွင် လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုးအိတ်အများအပြားကိုထားခဲ့ပြီး စကခ (၁၇) လက်အောက်ခံတပ်များသည် တပ်လန်ကာဆုတ်ခွာသွားခဲ့သည်။
ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ (ခ) စကမ သည် ၎င်းတို့၏ စကခ (၁၇) အပြင် စကခ (၁၄) မှ တပ်ရင်းများတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာကြသော ရဲဘော်သစ်များဖြင့် စုဖွဲထားသည့် တပ်ရင်းများကိုအသုံးပြုကာ ပဲခူးတိုင်းနှင့်အာရက္ခဒေသထိစပ်နေသောနေရာများတွင် အင်အား (၁၅၀၀) ခန့် ထပ်တိုးကာ မရပ်မနားထိုးစစ်များကို ဆက်တိုက်ပြုလုပ်လာသောကြောင့် ပဲခူး-ရက္ခိုင်အစပ် နေရာအချို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲ လုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉) မှာ မိခင်တပ်ရင်းသို့ တပ်နားရန်ရောက်ရှိနေသည်ကို အမ်း-ပဒါန်း စစ်ဆင်ရေးတွင် အောင်မြင်မှုရခဲ့သည့်သဖွယ် ရှေ့တန်းပြန်အခမ်းအနားများဖြင့် ပြုလုပ်နေသည်မှာ ၎င်းတို့၏ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ရန်ကြိုးစားခြင်းသာဖြစ်သည်။ အဆိုပါအမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့မှ အသက် (၄၆) နှစ်အရွယ်ရှိ ပြန်တမ်းဝင်အမှတ်၊ ကြည်း/၃၃၁၄၄ ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးအား မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသတိုက်ပွဲများတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ ည (၈) နာရီခန့်တွင် ၎င်းနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့အား အာရက္ခတပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်။
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ လက်ရှိရင်ဆိုင်ထားကြသော နေရာများထဲမှ ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ် ဆင်လမ်ကျေးရွာအနောက်ဘက် (၂) ကီလိုမီတာနှင့် (၁.၇) ကီလိုမီတာ အကွာအဝေးနေရာများ၌ လည်းကောင်း၊ ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ညောင်ကျိုးကျေးရွာ၏ အရှေ့မြောက်ဘက် (၂.၅) ကီလိုမီတာ အကွာအဝေး တောင်ကြော၌လည်းကောင်း၊ ဧရာဝတီတိုင်း-ရက္ခိုင်အစပ် စက်စက်ယိုရွာ ပတ်ဝန်းကျင်၌လည်းကောင်း စစ်ကောင်စီသည် မိမိတို့အား နေ့တိုင်းထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများအပြင် တိုက်ပွဲနှင့်ဆက်စပ်နေသော အခြားသော နေရာများ၌ပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌လည်းကောင်း စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသောနေရာများကို ပြန်လည်ရရှိရန် အားထုတ်ကြိုးပမ်းနေသကဲ့သို့ အာရက္ခဒေသအတွင်း မိမိတို့ဝန်းရံပိတ်ဆိုထားသော စစ်တွေနှင့်ကျောက်ဖြူမြို့ရှိ လက်ကျန်စခန်းများ ထပ်မံမကျစေရေးအတွက် မိမိတို့အား ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံစိတ်ဓာတ်၊ စုစည်းညီညွတ်သောခုခံ စစ်၊ တန်ပြန်ထိုးစစ်အောက်တွင် အထိအခိုက်အကျအဆုံး များစွာဖြင့်သာ ဆက်လက်ကြုံတွေ့ရလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့သော အာရက္ခတပ်တော်၏ တိုက်ပွဲတိုင်းသည် အာရက္ခပြည်သူ တစ်ရပ်လုံး မျှော်မှန်းထားသော ရည်မှန်းချက်များဖြစ်ကြသည်။ ရည်မှန်းချက်များ အလုံးစုံအကောင်အထည်ဖော် တိုက်ပွဲများသည် ယခုဆိုလျှင် နှစ်နှစ်နီးပါးသို့တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း အနည်းငယ်သော လက်ကျန်ရည်မှန်းချက်များကို အာရက္ခပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူလက်တွဲပြီး အာရက္ခပြည်သူလူထုတစ်ရပ်လုံး ရည်မှန်းထာသော ရည်မှန်းချက်များ အလုံးစုံအပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်