top of page

တိုက်ပွဲသတင်းထုတ်ပြန်ချက်

တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက် ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပါအဝင် မြေပြင်၊ ဝေဟင်ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့သည်မှာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။ ရက္ခိုင့်တပ်တော်သည် ရက္ခိုင်၊ ပလက်ဝဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့ နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့၏ အထိုင်ချတပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများ၏ ရိက္ခာ၊ ထောက်ပို့၊ ဒဏ်ရာရလူနာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ပိတ်ဆို့ထားသော မိမိတို့၏ စစ်ကြောင်းများကို လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် နေ့တိုင်းနီးပါး မရရအောင် အသည်းအသန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်ကြားမှ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များသည် ရန်သူအား ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ရန်သူ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိစခန်းအား တစ်လနီးပါးကြာ ဖြတ်တောက် ပိတ်ဆို့လျက် ၂၀၂၂ ခုနှစ်၊ သြဂုတ် (၃၁) ရက်နေ့၌ ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ရန်သူ၏ သံတောင်ဗျူဟာ စခန်းကုန်းကိုလည်း (၃) လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ ၎င်းသံတောင်ဗျူဟာ စခန်းကို ရက္ခိုင့်တပ်တော်မှ ယခုအချိန်တွင် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ရန်သူသည် ၎င်းတို့၏ နယ်စပ်ရှိ စခန်း မြောက်မြားစွာကို စွန့်လွှတ်ထားရပြီးဖြစ်သည်။ မိမိတို့သည် ရန်သူ၏ နောက်ထပ်စခန်းအချို့ကိုလည်း ယခုနည်းတူဖြတ်တောက်ပိတ်ဆို့ထားဆဲ ဖြစ်သည်။ ထိုအထဲတွင် အိန္ဒိယ-ဘင်္ဂလာ-မြန်မာ သုံးနိုင်ငံနယ်စပ်အနီးရှိ "မြိတ်ဝ စခန်း"လည်း ပါဝင်သည်။ တစ်ပြိုင်နက်တည်းတွင် ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက် (၂) ကီလိုမီတာခန့်အကွာရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ မြန်မာစစ်တပ်သည် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်မှာ ယခုဆိုလျှင် တစ်လနီးပါးခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲများမှာ ၎င်းပတ်ဝန်းကျင်၌ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၊ နေ့လယ် (၁) နာရီ (၄၈) မိနစ်မှစ၍ နှမဒါရွာ၏တောင်ဘက် (၂) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ရန်သူသည် ဂျက်တိုက်လေယာဉ် (၃) စီး၊ စစ်ရဟတ်ယာဉ် (၂) စီးဖြင့် ညနေ (၃) နာရီခန့်အထိ တစ်လှည့်စီ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ယနေ့ ရန်သူ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ် (၃) စီးမှ ဗုံး၊ ရော့ကတ် (၁၁) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပြိုင်နက်တည်း တောက်လျှောက် မရပ်မနားဘဲ မိနစ် (၃၀) ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက် စစ်ရဟတ်ယာဉ် (၂) စီးဖြင့် နာရီဝက်ကျော်ခန့် တစ်လှည့်စီ လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ ရန်သူ၏ မီးဝဗျူဟာနှင့် မြေပြင်မှ လက်နက်ကြီးပစ်ကူများမှာလည်း အဆိုပါနေရာသို့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် မိမိတို့ဖက်မှ မီးဝဗျူဟာအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူသည် အဆိုပါနေရာအား ယနေ့ကဲ့သို့သော လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများနှင့် အတူ မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို (၇) ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များသည် ပြောင်မြောက်သောသတ္တိ၊ ကြံ့ခိုင်သောတိုက်ပွဲစိတ်ဓာတ်၊ အမိန့်နာခံမှု၊ အတက်အဆုတ်ကောင်းကောင်းဖြင့် ရန်သူ့ထိုးစစ်ကို ဆက်လက်ကြံ့ကြံ့ခံ တိုက်ပွဲဝင်လျက်ရှိသည်။ အမိန့်နာခံမှုကောင်းကောင်းဖြင့် သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နေကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်





831 views
bottom of page