top of page

စစ်ရေးသတိရှိကြရန် သတင်းထုတ်ပြန်ချက်

ree

စစ်ရေးသတိရှိကြရန် သတင်းထုတ်ပြန်ချက်

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်

 

ဖက်ဆစ် အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်သည် လွန်ခဲ့သော နှစ်နှစ်တာကာလနီးပါး အတောအတွင်း ၎င်းတို့ ဆုံးရှုူံးခဲ့ရသည့် တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်များအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျပြီး ၎င်းတို့ စွန့်လွှတ်ခဲ့ရသော နေရာအချို့၊ မြို့၊ ရပ်ရွာများအား ပြန်လည်သိမ်းပိုက်ရယူရန်အတွက် မြန်မာနိုင်ငံအနှံ့ ထိုးစစ်ကြီးများကို ပြုလုပ်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။

 

အာရက္ခဒေသအတွင်း၌လည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများပြုလုပ်ကာ (အထူးသဖြင့်) ကျောက်ဖြူ တွင် ထိုးစစ်များကို ၂၀၂၅ ခုနှစ်၊ မတ်လဆန်းမှစတင်၍ ကြိမ်ဖန်များစွာပြုလုပ်ခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးများကိုသာ ရင်ဆိုင်ခဲ့ရသည်။

 

မိမိတို့အနေဖြင့်လည်း အာရက္ခဒေသအတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို ဆက်လက်သိမ်းပိုက် ရယူရန် ကြိုးစားနေသည့်အချိန် တစ်ပြိုင်နက်တည်းတွင် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်လျက်ရှိသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ် အတွင်း) တို့၌လည်း ရန်သူ၏ ထိုးစစ်တိုင်းကို ကြံ့ကြံ့ခံ၍ တန်ပြန်ထိုးစစ်ဆင်လျက်ရှိသောကြောင့် အဆိုပါ နေရာများ၌ တိုက်ပွဲများ နေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိသည်။

 

လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တို့သည် နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သော နေရာများအား ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။

 

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်သင်္ဘောများသည် ပင်လယ်ပြင်မှနေ၍ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခြင်း၊ ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြသည့် ရေလုပ်သား ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ယခုရက်များအတွင်း ဆက်တိုက်ပြုလုပ်လာနေသည်။

 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာမှ အရပ်သား ရေလုပ်သားပြည်သူ (၄) ဦးဖြစ်ကြသော ဦး‌မောင်ကို (၅၁) နှစ်၊ ဦးကျော်ဝေသန်း (၄၂) နှစ်၊ ဦးဖိုးနီ (၅၀) နှစ် နှင့် ဦးညီညီ (၃၉) နှစ် တို့သည် ပင်လယ်ပြင်ကမ်းနီး၌ ငါးဖမ်းနေစဉ် စစ်ကော်မရှင်၏ ရေတပ်မှ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် ကျောက်ဖြူမြို့၊ ဆားပြင်ကွင်းရပ်ကွက်မှ အပြစ်မဲ့ ရေလုပ်သားပြည်သူ (၂၀) ကျော်အား အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။

 

စစ်ကော်မရှင်တပ်သည် လူနေထူထပ်သည့် အရပ်သားပြည်သူများနေထိုင်ရာနေရာများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများနှင့် သာသနိကအဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထားကာ ရေကြောင်း၊ လေကြောင်းတို့မှ တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။

 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်၊ နေ့လယ် (၂)  နာရီအချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံတွဲ ငပလီကမ်းခြေအနီးနှင့် လင်းရိုးတောင်ထက်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။

 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်၏ သံတွဲမြို့ပေါ်ရပ်ကွက်များရှိ အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ဦးညီညီ (၄၀) နှစ်မှာ သံတွဲမြို့၊ အမှတ် (၄) ရက်ကွက် နေအိမ်၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ ကိုယ်ဝန်ဆောင်မိခင် (၁) ဦးနှင့် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ စက်တင်ဘာလ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းဝင်း နေရာအချို့တို့ ထိခိုက်ပျက်စီးခဲ့သည်။

 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင်လည်း စစ်ကော်မရှင်၏ စစ်သင်္ဘောများပေါ်မှ သံတွဲမြို့နှင့် မြို့ ပတ်ဝန်းကျင်နေရာအများအပြားသို့ လက်နက်ကြီးများဖြင့် တောက်လျှောက် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ ညနေ (၄) နာရီ (၀၄) မိနစ်မှ (၄) နာရီ (၁၄) မိနစ်အတွင်း ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာ၏ အနောက်ဘက်မီတာ တစ်သောင်းခန့် (၁၀,၀၀၀ မီတာခန့်) အကွာအဝေးရှိ ပင်လယ်ပြင်ထက် ရန်သူ့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးဖြင့် (၁၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် သံတွဲ (ငပလီ) ကမ်းခြေ မျက်နှာချင်းဆိုင်တွင် အထိုင်ချထားသော ၎င်းတို့၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် သံတွဲမြို့ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သည်သာမက သံတွဲ နှင့် ဂွ မြို့ပေါ်တွင် Y8 ၊ Y12 လေယာဉ်များဖြင့် (၄) နာရီခန့်ကြာ မရပ်မနား ဆက်တိုက်ဝဲပျံနေခဲ့သည်။ ထို့နောက် ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့၊ နံနက် (၈) နာရီခန့်အချိန်တွင် သံတွဲမြို့အနီး ပတ်ဝန်းကျင်အား ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

ထို့ကြောင့် ပင်လယ်ကမ်းနီး မြို့၊ ရွာများမှ မိဘပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပါရန်နှင့် စစ်ရေးသတိရှိကြပါရန် အသိပေး လိုက်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page