top of page

AA အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃)၊ အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနား ရက္ခိုင်တွင်ကျင်းပ


ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) မှ လေ့ကျင့်ရေးသင်တန်းသူ/သင်တန်းသား များအား အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ရက္ခိုင်ပြည်တွင်ကျင်းပပြုလုပ်ပြီးစီး


၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်


ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် သင်တန်းသူ၊ သင်တန်းသား (၁၃၈) ဦးဖြင့် ကချင်ပြည်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ အနာဂတ်ရက္ခိုင့် တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး စသည့်ရည်မှန်းချက်များကို တပ်တော်တည်ထောင်ပြီးစကတည်းကပင် အစဉ်တစိုက်လုပ်ဆောင်လာခဲ့ပါသည်။


သို့သော်လည်း စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေများကြောင့် မိမိတို့မျှော်မှန်းချက်ထားသော အနေအထားသို့ ပြည့်မီစွာ ရောက်ရှိနိုင်ခြင်း မရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။


ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ မှ စ၍ သင်တန်းသူ၊ သင်တန်းသား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ရက္ခိုင့်တပ်တော်၊ အရာရှိလောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) တို့အား မဟာမိတ် ကချင်ပြည်တွင် လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် (၃) အား ရက္ခိုင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် အမှတ်စဉ် (၃) သင်တန်းသည် ရက္ခိုင်ပြည်တွင် ပထမဆုံးပြုလုပ်သော အရာရှိလေ့ကျင့်ရေး သင်တန်း ဖြစ်သည်။


ရက္ခိုင့်တပ်တော်၊ အရာရှိဖြစ်သင်တန်း၊ အမှတ်စဉ် (၄) ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ၊ ပြည်သားများအား အသိပေးသွားမည်ဖြစ်ပါသည်။ တိုင်းပြည်တာဝန် ထမ်းဆောင်လိုကြသောသူများ၊ အနာဂတ် ရက္ခိုင့်တပ်တော်တွင် တာဝန်ယူလိုကြသောသူများ လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာ စစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေး နှင့် တည်တံ့ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

406 views
bottom of page