top of page

AA ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီး

  • May 23, 2024
  • 1 min read













အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီး

 

၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်

 

အနာဂတ်အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်သော၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်သည်တော် ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ အာရက္ခဒေသနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေး စသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခ မြေပြင်ထက်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၂၀) ရက် နေ့၌ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါသည်။

 

အာရက္ခတပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ သင်တန်းသူ/ သား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤအရာရှိ များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် "အရာရှိလောင်း"အဖြစ် အသိအမှတ်ပြုပေးသောအခမ်းအနားကို ပြုလုပ်ခဲ့ပြီး (၁၁) လခန့် အကြာတွင်မှ သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အာရက္ခမြေတွင် ပထမဆုံးအကြိမ်ပြုလုပ်သော ဤသင်တန်း ကာလသည် (၁) နှစ် နှင့် (၇) လနီးပါးကြာမြင့်ခဲ့သည်။

 

အာရက္ခတပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တပ်တော်နေ့အခမ်းအနားနှင့်အတူ အရာရှိလောင်း လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) အား ကချင်ပြည်တွင် သင်တန်းသူ/ သား (၁၃၈) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။ ထို့အတူ အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

 

အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ် (၄) နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလ များတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/သားများအား ထပ်မံအသိ ပေးသွားမည် ဖြစ်ပါသည်။

 

အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသော လူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါ အသိစိတ်ဓာတ်တိုဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်။ အာရက္ခတပ်တော်တွင် စစ်မှုထမ်း ရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှ တစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင် နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 

ဓါတ်ပုံ - အာရက္ခမြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) မှ သင်တန်းဆင်း သင်တန်းသူ/သားများ၏ သတင်းဓါတ်ပုံမြင်ကွင်းများ

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page