top of page

အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ
















အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

 

အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း၌ မိမိတို့သိမ်းပိုက်ရန်ကျန်ရှိနေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်ဆက်လက်သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းလျက် ရှိသောကြောင့် မောင်တော၊ ကျိန္တလီ နှင့် အမ်းစသည့်ဒေသများအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 

မောင်တောမြို့သိမ်းတိုက်ပွဲ၏ တစ်ခုတည်းသောစခန်းဖြစ်သည့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် ARSA၊ RSO မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မောင်တော၊ ဘူးသီးတောင်ဒေသများ၌ အတင့်ရဲစွာ ပြုလုပ်လျက်ရှိသောအကြမ်းဖက် လုပ်ငန်းများကို တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။

 

ကျိန္တလီဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ရန်သူသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုံးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား  ၂၀၂၄ အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာ သွားခဲ့ပြီဖြစ်သည်။

 

အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ရန်သူသည် အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်သည်။ မိမိတို့အနေဖြင့်လည်း ဆုတ်ခွာသွားသည့် ရန်သူများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

 

အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ ရန်သူ့စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ညနေ (၃) နာရီ (၅၀) မိနစ်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ မဲတောင်ဗျုဟာကုန်း သည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေးသည်။

 

မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြသည်။ မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

 

မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်းနှင့်ဆက်စပ်စခန်းကုန်းများအား အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေး၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲတောင်ဗျူဟာကုန်း၏ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

 

စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်  ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ ည (၁၁) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် တောင်ကုတ်၊ ရွာမမြိုအတွင်းသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်စီးကာ အပြစ်မဲ့အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။

 

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ကုတ်၊ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆/၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆိုထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

129 views

Recent Posts

See All

Comments


bottom of page