top of page

အမ်း နှင့် ဂွသို့ စစ်ကူလာသော ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုစလုံးအား အာရက္ခ တပ်တော်မှ အချိန်တိုအတွင်း အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သော တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

 

အာရက္ခဒေသအတွင်း၌ တိုက်ပွဲများမှာ အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့ရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများရှိရာနေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး နေ့တိုင်း ပြင်းထန်လျက်ရှိသည်။ ရန်သူ့ဘက်မှလည်း မိမိတို့၏ထိုးစစ်ကို လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘောများပေါ်မှ ပစ်ကူအမြောက်အမြားပေး၍ တောက်လျှောက်ခုခံကာကွယ်လျက်ရှိသကဲ့သို့ မိမိတို့မှ ရန်သူ့လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်များကို တစ်ပြိုင်နက်တည်း ဆင်နွှဲလျက်ရှိသည်။

 

မောင်တော၊ နခခ (၅) စခန်းအတွင်းမှ ခုခံနေသော ရန်သူများအဖို့ ဝေဟင်မှ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေး ရုံမှလွဲ၍ ကုန်းလမ်း၊ ရေလမ်းမှ မည်သည့်စစ်ကူမျှ လာရောက်ဖြည့်တင်းပေးနိုင်သော အခြေအနေမျိုး မဟုတ်သောကြောင့် နခခ (၅) စခန်းသည်လည်း မိမိတို့၏ ထိုးစစ်အောက်တွင် မကြာမီသိမ်းပိုက် ရရှိနိုင် တော့မည့် မောင်တောမြို့၏ နောက်ဆုံး လက်ကျန်စခန်းတစ်ခုသာဖြစ်တော့သည်။ ထို့ကြောင့် နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်လျက် ရှိသည်။


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့၌ တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ (၃၀) ကျော်ရှိသည့်အနက်မှ ယနေ့ဆိုလျှင် အမ်း နပခဌာနချုပ် ဂွင်တစ်ခုသာ ကျန်ရှိတော့ပြီဖြစ်သောကြောင့် အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။


အာရက္ခတပ်တော်၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ထုတ်ပြန်သော သတင်းတွင် အောက်ဖော်ပြပါစခန်းများကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းထုတ်ပြန်ပြီး (၁၈) ရက်အတွင်း၌ နပခတိုင်းစစ်ဌာနချုပ်တစ်ခုမှလွဲ၍ ရန်သူ့စခန်းများ အားလုံးကို အာရက္ခတပ်တော်မှ ထိန်းချုပ်ထားလိုက်ပြီးဖြစ်သည်။


နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုမှလွဲ၍ မိမိတို့ထပ်မံသိမ်းပိုက်ရရှိထားသောအဆိုပါစခန်းများမှာ -


(၁) ဆလအခွဲ (၉၄၆) - အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ

(၂) ခမရ (၃၇၁) - အမှတ် (၃၇၁) ခြေမြန်တပ်ရင်း

(၃) ခမရ (၃၇၂) - အမှတ် (၃၇၂) ခြေမြန်တပ်ရင်း

(၄) လလစ (၇၅၇/၂) - အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ

(၅) ထပခ (၉၂၆) - အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ

(၆) ဆသလ (၉) - အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း

(၇) အဆရ (၈) - အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း

(၈) တထခ (၁၀) - အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ

(၉) စအရ (၉၁၉) - အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း

(၁၀) လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော ရန်သူ့စခန်းငယ်များအပြင်

(၁၁) အဆိုပါစခန်းများမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော ရန်သူများ စသည်တို့ ဖြစ်ကြသည်။


ဤကဲ့သို့ အမ်းဒေသအတွင်းမှ ရန်သူ့စခန်းများကို မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေသော တစ်ပြိုင်နက်တည်းတွင် ရန်သူသည် ရခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းရန်ကြိုးစားနေခဲ့သော်လည်း အာရက္ခတပ်တော်မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် ရန်သူ့စစ်ကူ စစ်ကြောင်းများမှာ သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး အချေမှုန်းခံရသောအဆင့်သို့ရောက်ရှိခဲ့ရသည်။


အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့် တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုအား  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ နံနက် (၈) နာရီ (၃၅) မိနစ်တွင် အမ်းမြို့၏ မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက် တစ်နေရာ၌ အာရက္ခတပ်တော်မှ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါစစ်ကြောင်းတွင် ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်သည်။ သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး၊ နိုဝင်ဘာလ (၃၀) ရက်၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်တွင် ရန်သူ့အလောင်း စုစုပေါင်း (၁၀၀) ကျော်၊ လက်နက်ခဲယမ်းအများအပြားကို မိမိတို့မှ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။ ထို့အတူ ထွက်ပြေးလွတ်မြောက် နေသည့် အနည်းငယ်သော ရန်သူအချို့ကိုလည်း မိမိတို့မှ လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသည်။


ထို့အတူ ဂွ ဘက်တွင်လည်း စစ်ကူတက်လာသော ရန်သူ့စစ်ကြောင်းတစ်ခုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ဤရန်သူ့စစ်ကြောင်းကိုလည်း ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ သုံးရက် အတွင်း အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ မိမိတို့သိမ်းဆည်းရမိသော ရန်သူ့အလောင်း (၁၂၀) ကျော်၊ စစ်သုံ့ပန်းအချို့ နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများအရ ဤစစ်ကြောင်းတွင် အင်အား (၁၈၄) ယောက် ပါဝင်ခဲ့ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ ဖြစ်ကြသည်။ တပ်ရင်း (၅) ရင်းစုပေါင်းထားသော စစ်ကြောင်းတစ်ခုလည်းဖြစ်သည်။


အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကို လိုက်လံ ရှင်းလင်းတိုက်ခိုက်နေသကဲ့သို့  ဂွမြို့၏ အခြားသောနေရာများ၌ ရှိနေသော ရန်သူများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ရန်သူသည် လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကိုအသုံးပြု၍ အသည်းအသန် ခုခံကာကွယ်နေသည့်ကြားမှ အပြတ်အသတ် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့၌လည်း အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို အာရက္ခတပ်တော်မှ ယခင်ရက်များနည်းတူ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။


 ထိုးစစ်များအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များနှင့် ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 

 

ပုံစာ-အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အမ်း၊ ရုံးဌာနများရှေ့တွင် တွေ့ရသော အာရက္ခစစ်သည်တော်များ


ree


ree


ree


ree



ree


ree


ree


ree



ree


ree


ree


ree


ree


ree


ree


ree


ree

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page