top of page

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်


တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်




၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။


အဆိုပါစခန်း ပတ်ဝန်းကျင်၌ တိုက်ပွဲများစတင်ဖြစ်ပွားနေခဲ့သည်မှာ သြဂုတ်လ (၂) ရက်နေ့ကတည်းကပင် ဖြစ်ပြီး အဆိုပါနေရာအပါအဝင် ပလက်ဝဒေသနှင့် အခြားနေရာများ

၌ ရက်ဆက်တိုက်ပွဲများဖြစ်ပွားကာ ယခုဆိုလျှင်တစ်လနီးပါးအထိကြာမြင့်ခဲ့ပြီဖြစ်သည်။


နယ်စပ်မိုင်တိုင် အမှတ် (၃၇) မှ မိုင်တိုင် (၄၀) ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်၌ ရန်သူ့ဖက်မှ မိမိတို့အား ပိတ်ဆို့ဖြတ်တောက်ထားသည့်နည်းတူ မိမိတို့ဖက်မှလည်း ရန်သူ့စခန်းအချို့အား ၎င်းတို့နည်းတူ ပိတ်ဆို့ဖြတ်တောက်ထားသည့် အခင်းအကျင်းဖြစ်သည်။


ရန်သူသည် တစ်ရက်လျှင် လက်နက်ကြီး အရေအတွက် ခန့်မှန်း (၃၀၀/၄၀၀) အား ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် (၃၈) နှင့် (၃၉) အကြားနေရာများ အပါအဝင် အနီးအနားရှိ ၎င်းတို့၏ တပ်စခန်းများမှ လက်နက်ကြီးများကို နေ့တိုင်းနီးပါး ပစ်ခတ် တိုက်ခိုက်နေသည့်အပြင် ယခုရက်များအတွင်း ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေသည့် ကြားမှ မိမိတို့ ရက္ခိုင့်တပ်တော်က,စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အဆိုပါ အထိုင်ချ အခိုင်အမာစခန်း အား လက်တုံ့ပြန်သည့်အနေဖြင့် ယနေ့တွင် မိမိတို့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နံနက် (၉) နာရီ (၁၂) မိနစ်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။ ဤစခန်းသည် ရက်ပေါင်းများစွာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသော နေရာများထဲမှ တစ်ခုဖြစ်သည်။




၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့တွင် စစ်ကောင်စီသည် အပြစ်မဲ့ အာရက္ခပြည်သူများကို လက်နက်ကြီး များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုရှိခဲ့သည်။ ၎င်းနေ့တွင် စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ၊ မြောက်ဦးအခြေစိုက် ခမရ (၃၇၇)၊ ခမရ (၃၇၈)၊ ခမရ (၅၄၀) တို့အပြင် ၎င်းတို့တပ်စွဲ ထားသော တိမ်ညို၊ သင်းကျိုက်တောင်၊ လင်းမြီတောင် စသည့်နေရာများမှ မြောက်ဦးမြို့နယ် အတွင်းရှိ ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို၊ ချောင်းနား၊ လက္ကာ၊ ဝေသာလီ စသည့်ရွာများသို့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် ဦးလှအောင်သိန်း (အသက် ၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (အသက် ၆၉ နှစ်) တို့ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၉) ဦးအထိရှိခဲ့သည်။ ဤဖြစ်စဉ်အပေါ်ချက်ချင်း လက်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) စခန်းအား မိမိတို့မှ ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။



မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးသော ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲ၍ “ရဲအုပ် စိုးစိုးပိုင်” အပါအဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။ ယခင်ရက်များအတွင်း၌ ဤစခန်းအတွင်းမှ သေဆုံးသူများအား စခန်း အတွင်းမြှုပ်နှံထားသော အလောင်းအမြောက်အမြားကိုလည်းတွေ့ရှိရသည်။ မိမိတို့ဖက်မှလည်း ဤစခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့သည်။


ယမန်နေ့ဖြစ်သော သြဂုတ်လ (၃၀) ရက်၊ ညနေ(၆) နာရီ (၃၈) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာအနောက်ဘက် ၊ မီတာ (၇၀၀) အကွာအဝေးရှိကားလမ်းမအနီး၌လည်း ထိတွေ့ တိုက်ခိုက်မှုရှိခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ဒဏ်ရာရသူတချိုရှိခဲ့ပြီး မိမိတို့ဖက်မှလည်း ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။


ထိုအတူ သြဂုတ်လ( ၃၁) ရက်၊ နေ့လယ် (၂) နာရီ (၄၀) မိနစ်အချိန်၌လည်း ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက် မီတာ (၅၀၀) ခန့်အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးရန်သူ့ဖက်မှ (၁၀) ဦး မျက်မြင်ကျဆုံးခဲ့သည်။ တိုက်ပွဲသည် ညနေ (၅) နာရီအထိနှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုများနှင့်အတူ ဆက်လက်ရှိနေခဲ့သည်။


အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များ ၊ ထူးချွန်မြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


နောက်ဆက်တွဲတိုက်ပွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


697 views
bottom of page