top of page

သတင်းထုတ်ပြန်ချက်

စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်သေဆုံး၊ ဒဏ်ရာရ ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့်ပတ်သက်သောသတင်းထုတ်ပြန်ချက်


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်


ရက္ခိုင်နှင့်ပလက်ဝဒေသတို့တွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများမှာ ယခုလအတွင်းတစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ အထိအခိုက် အကျအဆုံး များပြားခြင်း၊ စခန်းစွန့်ခွာရမှုများခြင်းနှင့်အတူ စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့သဖြင့် ရက္ခိုင်၊ ပလက်ဝ စစ်မြေပြင်များ၌ ထွက်ပြေးမှု(တပ်ပြေးမှု)များမှာ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလျက်ရှိသည်။ ထို့အတူ ဤကဲ့သို့ စစ်ကောင်စီတပ်မှ တပ်ပြေးမှုများမှာ တစ်နိုင်ငံလုံးနီးပါး၌ပင် ဖြစ်ပေါ်လျက်ရှိသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိမိတို့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ၊ ရက္ခိုင့်တပ်တော်သို့ နီးစပ်ရာမှတစ်ဆင့် လက်နက် (သို့မဟုတ်) လက်နက်မပါဘဲ ဝင်ရောက်လာကြသူများနှင့် မိမိတို့မှ ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ပြေးများမှာ ယခုအချိန်တွင် အရေအတွက် (၁၅၀) ကျော်အထိ ရှိခဲ့ပြီးဖြစ်သည်။ မိမိတို့အနေဖြင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ ၎င်းတို့ထဲမှ အချို့ကို ၎င်းတို့သွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ထားပြီးဖြစ်သည်။


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ ည (၁၁) နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောပေါ် မှ မိမိတို့၏ အကျဉ်းထောင် (၂) ခုအား ထိမှန်ကာ ယင်းအကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် အခြားသောအကျဉ်းသားအချို့သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။


စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သော နယ်ခြားစောင့်ရဲတချို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို မိမိတို့မှ လူသားချင်းစာနာထောက်ထားကာ ဆေးကုသပေးထားသော်လည်း ဆေးဝါးအခက်အခဲတချို့ကြောင့် တချို့မှာ အသက်သေဆုံးသွားပြီး တချို့မှာဂျက်တိုက်လေယာဉ်မှ ဗုံးထိမှန်၍ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့် ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက် နည်းနေသေးသည်။ ၎င်းတို့အသက်ရှင်ရေးအတွက် ၎င်းတို့၏သက်ဆိုင်ရာမိခင်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များထံသို့ ၎င်းပြင်းထန်လူနာများကို အမြန်ဆုံးလာယူရန် အသိပေး အကြောင်းကြား ခဲ့ပြီးဖြစ်သည်။


သို့သော်လည်း စစ်ကောင်စီတပ်သည် တပ်ဖွဲ့ဝင် စိတ်ဓါတ်၊ ရဲဘော်ရဲဘက်စိတ်ဓါတ် ကင်းမဲ့စွာဖြင့် လျစ်လျူရှုထားဆဲဖြစ်သည်။ ယခုအချိန်၌ အဆိုပါ ပြင်းထန်ဒဏ်ရာရသူများမှာ (၅) ရက် ကြာပြီဖြစ်သော်လည်း ၎င်းတို့၏ ရဲဘော်ရဲဘက်များ၏ အသက်ကို ကယ်တင်ရန် ၎င်းတို့၏ မိခင်အဖွဲ့အစည်းမှ ဆက်သွယ်လာခြင်းမရှိသေးသောကြောင့် ထပ်မံသေဆုံးသူ (၁) ဦးရှိခဲ့သည်။


ထို့ကြောင့် မြန်မာ့တပ်မတော်သားများအနေဖြင့် ၎င်းတို့ အသက်စွန့်၍ တာဝန်ထမ်းဆောင် ခဲ့ကြပါသော်လည်း ဒဏ်ရာရလျက် အသက် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်တွင် မိခင်အဖွဲ့အစည်းမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ်ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာ စွန့်ပစ်သည့်လုပ်ရပ်မှာ မြန်မာ့တပ်မတော်ဟုခေါ်သော စစ်ကောင်စီမှ ၎င်းတို့တပ်ဖွဲ့ဝင်များအပေါ်ထားသော သဘောထားအမှန်ပင်ဖြစ်သည်။ တနည်း မိမိရဲဘော်ရဲဖက်အပေါ် တာဝန်ယူမှုမရှိခြင်းပင်ဖြစ်သည်။


လက်ရှိတွင် အဆိုပါဒဏ်ရာရ နယ်ခြားစောင့်ရဲတချို့ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် မိမိတို့ ရက္ခိုင့်တပ်တော်မှ မိမိတို့တွင်ရှိသော ဆေးဝါးများဖြင့် အကောင်းဆုံးကြိုးစား ဆေးကုသပေးလျက်ရှိပါသည်။


တာဝန်ခံမှု၊ တာဝန်ယူမှုမရှိသော စစ်ကောင်စီတပ်(မြန်မာ့တပ်မတော်)ထဲတွင် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိသော မြန်မာ့တပ်မတော်သားများအနေဖြင့် မိမိတို့နှင့် အနီးဆုံးနေရာသို့ အမြန်ဆုံးဆက်သွယ်နိုင်ပါသည်။


သတင်းနှင့် ပြန်ကြားရေး

ရက္ခိုင့်တပ်တော်





691 views
bottom of page