top of page

မြန်မာစစ်တပ်မှထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိ၍ အရပ်သားပြည်သူသေဆုံးမှု ဆက်တိုက်ဖြစ်ပွား

  • May 15, 2022
  • 1 min read

ရက္ခိုင်ဒေသတိုက်ပွဲများကာလအတွင်း၌ မြန်မာစစ်တပ်မှထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိ၍ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ အရပ်သားပြည်သူတစ်ဦးနှင့် အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာမှ အရပ်သားပြည်သူတစ်ဦးတို့ သေဆုံးမှု ဆက်တိုက်ဖြစ်ပွား


၂၀၂၂ ခုနှစ်၊ မေလ (၁၅) ရက်


၂၀၂၂ ခုနှစ်၊ မေလ (၁၅) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်း ကျေးရွာအနီးတွင် အသက် (၆၇) အရွယ် ၎င်းကျေးရွာသား ဦးအောင်သာထွန်းသည် ပန်းမြောင်းမှ (၄) မိုင်ခန့်ကွာဝေးသော သူ၏ လယ်ကွင်းအနီးရှိ တောစပ်တွင် မြန်မာစစ်တပ်ဖက်မှ တိုက်ပွဲကာလများအတွင်း ထောင်ထားခဲ့သော စွန့်လွှတ်မိုင်း ( သို့မဟုတ်) မြေမြှုပ်မိုင်းနင်းမိ၍ အသက်သေဆုံးခဲ့ရသည်။­­


ထို့အတူ မေလ (၁၄) ရက်နေ့တွင်လည်း အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာအနီးရှိ သီဟိုဠ်သရက်ခင်းအတွင်း မြန်မာစစ်တပ်ထောင်ထားခဲ့သော စွန့်လွှတ်မိုင်း (သို့မဟုတ်) မြေမြှုပ်မိုင်း နင်းမိ၍ ဦးသန်းမင်းနိုင် (အသက် ၃၀ နှစ်) သည်လည်း အသက်သေဆုံးခဲ့ရသည်။ ၎င်းမိုင်းနင်းမိသော နေရာမှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ အထိ တိုက်ပွဲများကာလအတွင်း မြန်မာစစ်တပ်၏ တပ်မ (၆၆) မှ စခန်းချနေထိုင်ခဲ့သည့် နေရာဖြစ်သည်။


မေလ (၁၁) ရက်နေ့တွင်လည်း ကျောက်တော်အခြေစိုက် မြန်မာစစ်တပ်၏ ခမရ (၃၇၅) တပ်ရင်းထဲမှ တပ်စခန်း ပတ်လည်အနီး ထောင်ထားသော မိုင်းများပေါက်ကွဲပြီး ထိတ်လန့်မှုကြောင့် ခမရ (၃၇၅) အတွင်းမှ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုအချို့ရှိခဲ့သည်။


မြန်မာစစ်တပ်သည် ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေသော မိမိတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင်-မူဆလင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာ စစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိသည်။


ထို့အပြင် မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်တို့၏ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်လျက်ရှိနေသည်မှာ ကာလအတန်ကြာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့် အနေအထားကို တွေ့ရှိနေရသောကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာစစ်တပ် သွားလာလှုပ်ရှားနေသည့်နေရာများ၊ မြန်မာစစ်တပ် အထိုင်ချနေထိုင်နေခဲ့သော နေရာများ၊ မြန်မာစစ်တပ်၏ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ကြပါရန် သတိပေးအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Recent Posts

See All

1 Comment


Zaw Moe Win
Zaw Moe Win
May 15, 2022

စိတ် မကောင်းဘာ

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page