သတင်းထုတ်ပြန်ချက်
သတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁၂) နာရီ (၃၅) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (စစ်ကော်မရှင်တပ်) သည် အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို လေ ကြောင်းမှ ပေါင် (၅၀၀) ဗုံး နှစ်လုံးဖြင့် လာရောက် ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အတူ ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ လိပ်တင်ကျေးရွာအတွင်းသို့လည်း နေ့လယ် (၁၂) နာရီ (၃၀) မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လိပ်တင်ကျေးရွာ၊ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲ ခဲ့သည်။ ထို့နောက် ဆူဆိုက်ဒရုန်း (၁) စင်းဖြင့်လည်း အဆိုပါစာသင်ကျောင်းအား နေ့လယ် (၁၂) နာရီ (၃၉) မိနစ်တွင် ထပ်မံတိုက်ခိုက်ခဲ့သည်။ စာသင်ကျောင်း၌ စာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများမှာ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့၍ အသက်သေဆုံး၊ ဒဏ်ရာရမှုမရှိခဲ့သော်လည်း ၎င်းစာသင်ကျောင်းအနီးရှိ ဝက် (၂) ကောင် သေဆုံးခဲ့ကာ စာသင်ကျောင်းအဆောက်အအုံမှာ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ ထို့အပြင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ (စစ်ကော်မရှင်တပ်) သည် ညနေ (၄) နာရီ (၃၀) မိနစ်ခန့် အချိန်တွင် လည်း အမြင့်ကျွန်း တံတားအနီးအနားကို Y-12 လေယာဉ်ဖြင့် ဗုံး အလုံး (၆၀) ခန့် လာရောက်ကြဲချခဲ့သည်။ ယနေ့ညနေ (၈) နာရီ (၁၇) မိနစ်တွင်လည်း မင်းရပ်တိုက်နယ်ရှိ မင်းရပ်ရွာ နှင့် သံချောင်းရွာအနီး ပတ်ဝန်းကျင် နေရာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဇင်ချောင်းကမ်းခြေမျက်နှာစာ၌ နေရာယူထားသော ရန်သူ့စစ်သင်္ဘော (၂) စီးပေါ်မှလည်း လက်နက်ကြီးများဖြင့် အထက်ဖော်ပြပါကျေးရွာများအတွင်းသို့ (၈) နာရီ (၂၅) မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိခိုက်၊ သေဆုံးဒဏ်ရာရမှုများမှာ လောလောဆယ်မသိရသေးပါ။ စစ်ရှုံး ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်သည် ကျောက်ဖြူမြို့ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာနေသောကြောင့် လေကြောင်းရန်အား ပိုမိုသတိထားကြပါရန် ထပ်မံအသိပေးအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေးအာရက္ခတပ်တော်






