တိုက်ပွဲသတင်းထုတ်ပြန်ချက်
တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် စကခ (၁၇) လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကို ခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များဖြင့် စုဖွဲ့ထားသည့်တပ်ရင်းများဖြင့် စုပေါင်းကာ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ၎င်းတို့စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်သော ထိုးစစ်များကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ယခုရက်များအတွင်း အဆိုပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ အထူးသဖြင့် ရန်သူသည် မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်တွင် ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်၊ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၈၀၀) ခန့်အကွာအဝေးတွင် ဖြစ်ပွားခဲ့သော နှစ်နာရီကျော်ကြာ တိုက်ပွဲအတွင်း အထိနာတပ်လန်ခဲ့သော စကခ (၁၇) လက်အောက်ခံ တပ်ရင်းများထဲမှ နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သော ဒုဗမက ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန် အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းသည်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၁၅) မိနစ်မှ စတင်၍ ဒုတိယစစ်ကြောင်းအနေဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ ဤစစ်ကြောင်းသည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေးရှိ မိမိတို့ တပ်ဖွဲ့ဝင်များအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခင်ရက်များ၌ စွန်တက်ကျေးရွာ၏ အရှေ့တောင်ဘက်မှ ထိုးစစ်ဆင်ရာတွင် ထိရောက်မှုမရှိဘဲ တပ်လန်သွားခဲ့သောကြောင့် နောက်ထပ်တစ်နေရာမှ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပုံပေါက်သည်။ သို့သော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့်တန်ပြန်ထိုးစစ်အောက်တွင် ဤစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်း နည်းတူ အထိနာကာ အထိအခိုက် အကျအဆုံးများစွာဖြင့် ထပ်မံတပ်လန်သွားခဲ့ရပြန်သည်။ (၈) နာရီနီးပါးကြာ မိမိတို့၏ ခုခံစစ်အတွင်း ရန်သူ့အလောင်း (၆၀) ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို အာရက္ခတပ်တော်မှ သိမ်းဆည်းရမိခဲ့သည်။ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေကြသောရန်သူများကို မိမိတို့မှလိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။ အခြားသောနေရာတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာ အဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်း၏တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ ရန်သူသည် မိမိတို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်တွင် တတိယစစ်ကြောင်းအဖြစ် ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဤစစ်ကြောင်းသည်လည်း သုံးနာရီခန့်ကြာ ထိုးစစ်အပြီး ယခင်စစ်ကြောင်းများနည်းတူအထိနာပြီး တပ်လန်ခဲ့ရသည်။ လက်ရှိအချိန်တွင် ရန်သူသည် ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံထဲတွင် ခံစစ်အနေအထားဖြင့် မိမိတို့အား ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိသည်။ ရန်သူ၏ ဤတတိယစစ်ကြောင်း ထိုးစစ်အတွင်း မျက်မြင် (၁၀) ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားခြင်း၊ စစ်သင်တန်း ပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာအလံဖြူထောင်၊ လက်နက်ချ အညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် မိမိတို့နှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေးလာရောက်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မိမိတို့ထံ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သော သူတိုင်းအား ကောင်းမွန်စွာပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ဆန္ဒကို လိုက်လျော၍လည်း ကောင်း အကောင်းဆုံးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများနှင့် ရိုးတောင်အစပ်နေရာများတွင် ဖက်ဆစ်အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲနောက်ဆက်တွဲ သတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်






