top of page

သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦး၊မင်းပြားပြည်သူ့ဆေးရုံ၌ ကွယ်လွန်ရခြင်းနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်






အမှတ် (၃၀/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း (၁၄) ရက်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၄) ရက်


မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦး၊ အသက်(၅၁) နှစ် မင်းပြားပြည်သူ့ဆေးရုံ၌ ကွယ်လွန်ရခြင်းနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်


ယခုအချိန်ကာလသည် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများနှင့်အတူ ၎င်းတို့၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော်အနေဖြင့် ရင်ဆိုင်နေရသော အချိန်ကာလဖြစ်သည်။ မြန်မာ့တပ်မတော်သည် ဒေသခံပြည်သူလူထုများအား အကြောင်းအမျိုးမျိုးပြကာ မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ မိမိတို့ ရက္ခိုင့်တပ်တော်သည်လည်း မြန်မာ့တပ်မတော်၏ အမာခံများ၊ သတင်းပေးများ၊ ရိက္ခာထောက်ပံ့ပေးပို့နေသူများ၊ မြန်မာ့တပ်မတော်၏စစ်ဆင်ရေးကို အထောက် အကူပြုနေသူများအား ရံဖန်ရံခါခေါ်ယူစစ်ဆေးမေးမြန်းလေ့ရှိပါသည်။


စစ်ဆေးပြီးသည့်အချိန်တွင်လည်း အပြစ်မရှိသောသူများကို လုံခြုံစိတ်ချရသောအခြေအနေနှင့် သင့်တော်သောအချိန်တစ်ခုအောက်တွင် ပြန်လည်လွှတ်ပေးလေ့ရှိသည်။ မိမိတို့ခေါ်ယူစစ်ဆေးမေးမြန်းပြီးသောသူများထဲတွင် ဦးဝှေ့တင်းမှအစ အခြားသောအပြစ်မရှိသောသူများကို အကြိမ်ကြိမ်ပြန်လည်လွှတ်ပေးခဲ့သော သာဓကများရှိခဲ့ပါသည်။


၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၇) ရက်နေ့၊ ညနေ (၅) နာရီ၌ မင်းပြားမြို့နယ်၊ တောင်ရှည်ပြင်ကျေးရွာ နှင့် သိုင်းကျပ်ကျေးရွာမှ-

(၁) ဦးယောင်ဇာ၊ အသက် (၅၈) နှစ်

(၂) ဦးမောင်စိန်ဖြူ၊ အသက် (၄၉) နှစ်

(၃) ဦးစိန်ဝင်းကြိုင် ၊ အသက် (၃၇) နှစ်

(၄) ဒေါ်စိန်မြဦး၊ အသက် (၅၁) နှစ်

တို့လေးဦးအား မင်းပြား၊ ရာမောင်တံတားထိပ်အနီး စခန်းချတပ်စွဲထားသော မြန်မာ့တပ်မတော်၏ စစ်သင်္ဘောသို့ ရိက္ခာများပို့ဆောင်နေသည်ကို တွေ့ရှိရသောကြောင့် ၎င်းတို့ (၄) ဦးအား မိမိတို့အနေဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ဆေးမေးမြန်းရန်အတွက် ခေတ္တခေါ်ယူခဲ့ပါသည်။


ထိုသို့စစ်ဆေးစဉ်အတွင်း ၎င်းတို့သည် မြန်မာ့တပ်မတော်၏ အဆိုပါစစ်သင်္ဘောမှ အတင်းအဓမ္မ ရိက္ခာဝယ်ယူခိုင်းသောကြောင့် ရိက္ခာပစ္စည်းများကို မင်းပြားမြို့စျေးမှတစ်ဆင့် ဝယ်ယူပေးခဲ့ရကြောင်း ထွက်ဆိုပါသည်။ မိမိတို့ ထောက်လှမ်းရေးတပ်ဖွဲ့မှ ဟုတ်မှန်ခြင်း ရှိ/မရှိ ထပ်မံစုံစမ်းခဲ့ပါသည်။ ထိုသို့ စုံစမ်းနေဆဲကာလအတောအတွင်း အဆိုပါ (၄) ဦးအား မိမိတို့ဖက်မှ ညှဉ်းပန်းနှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ စောင့်ရှောက်ထားခဲ့ပါသည်။ ဤသည်ကို ကာယကံရှင်များအားလုံးအသိပင်ဖြစ်ပါသည်။ ၎င်းတို့ (၄) ဦးထဲမှ အမျိုးသမီးဖြစ်သူ ဒေါ်စိန်မြဦးမှာ နဂိုရှိရင်းစွဲ နှလုံးရောဂါ နှင့် စိတ်ကျန်းမာရေးအားနည်းသော ရောဂါအခံများ ပါရှိလာသောကြောင့် မိမိတို့ဆေးဝန်ထမ်းများမှ (၂) ကြိမ်တိုင်တိုင် ဆေးကုသပေးခဲ့ပါသည်။


အခြားတစ်ဖက်တွင် မိမိတို့အနေဖြင့် ၎င်းတို့အား ခေါ်ယူစစ်ဆေးမေးမြန်းပြီး သတိပေးစကားများ ပြောဆိုကာ အမြန်ဆုံးပြန်လည်လွှတ်ပေးလိုသော်လည်း မင်းပြားမြို့ပတ်ဝန်းကျင်၌ တိုက်ပွဲများပြင်းထန်နေ သောကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ မေလ (၃၁) ရက်နေ့တွင် ၎င်းတို့ (၄) ဦးအား ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ပါသည်။


သို့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃) ရက်နေ့တွင် မင်းပြားမြို့၊ ပြည်သူ့ဆေးရုံ၌ ဒေါ်စိန်မြဦး မှာ အသက်ဆုံးပါးသွားသည်ကို ကြားသိရသောကြောင့် မိမိတို့အနေဖြင့် ၎င်း၏မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။ သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦး သေဆုံးရခြင်းနှင့်ပတ်သက်၍ မိမိတို့အဖွဲ့အစည်းအား တစ်ဖက်သတ် စွပ်စွဲချက်များအပြင် ထင်မြင်ယူဆချက်များဖြင့် ရေးသားပြောဆိုနေကြသည်များကို တွေ့ရှိရပါသည်။


အဆိုပါ ပြောဆိုနေကြသောပုဂ္ဂိုလ်များအနေဖြင့် ဒေါ်စိန်မြဦးသေဆုံးရခြင်း၏ ဇာစ်မြစ်၊ သေဆုံးရသော အကြောင်းတရား၊ ဆေးရုံတက်သောမှတ်တမ်း အကြောင်းအရာများကို ပြောဆိုခြင်းမရှိဘဲ တမင်တကာ ချန်လှပ်ထားခဲ့သည်။ မိမိတို့အဖွဲ့အစည်းအား အပြစ်ပုံချလိုသော ရည်ရွယ်ချက်များဖြင့် ဇောင်းပေးထားသော အကြောင်းအရာများကိုသာ ချဲ့ကားပြောဆိုနေသည်။ ဤသည်မှာ အမှန်တရားကို ဖျောက်ဖျက်ရာရောက်သည်။ မိမိတို့အဖွဲ့အစည်းအား နိုင်ငံတကာမှ အထင်အမြင်မှားစေရန်၊ အမဲစက်ပုံရိပ်စွန်းစေရန် ပြုလုပ်ခြင်းနှင့်တူပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်သည် လူမျိုးဘာသာမခွဲခြားဘဲ ရခိုင်ဒေသအတွင်း နေထိုင်ကြသူများအားလုံး နယ်ချဲ့တို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသောအဖွဲ့အစည်း ဖြစ်သည်။ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းမရှိဘဲ အမျိုးသားတန်းတူရေးကို ရှေ့တန်းတင်၍ ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ မိမိတို့အနေဖြင့် အဆိုပါပုဂ္ဂိုလ် (၄) ဦးအား ချင်းလူမျိုးများဖြစ်နေ၍ ခေါ်ယူမေးမြန်းခြင်း မဟုတ်ဘဲ ၎င်းတို့၏လုပ်ရပ်များကိုအခြေခံ၍ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦးသေဆုံးရခြင်းမှာ မိမိတို့နှင့် သက်ဆိုင်မှုမရှိပါကြောင်း အသိပေးရှင်းလင်းအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်


501 views
bottom of page