top of page

ရက္ခိုင်-ဧရာဝတီ အစပ်ရှိ ရန်သူ့စခန်းကုန်းနှစ်ခုအား အာရက္ခတပ်တော်မှ ထပ်မံသိမ်းပိုက်ရရှိ

  • 1 day ago
  • 1 min read

ရက္ခိုင်-ဧရာဝတီ အစပ်ရှိ ရန်သူ့စခန်းကုန်းနှစ်ခုအား အာရက္ခတပ်တော်မှ ထပ်မံသိမ်းပိုက်ရရှိ


၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်


၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇/၁၉/၂၁) ရက်နေ့များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပွိုင့် (၂၈၈)၊ ပွိုင့် (၁၈၈) နှင့် ပွိုင့် (၁၄၈) ကုန်းတို့အား အာရက္ခတပ်တော်မှ ဆက်တိုက် သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်းတွင်လည်း တိုက်ပွဲများမှာ အဆိုပါပတ်ဝန်းကျင်များ၌ နေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိနေခဲ့သည်။ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အဆိုပါ ပွိုင့်ကုန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်အင်အားများကို ထပ်မံဖြည့်တင်းကာ ထိုးစစ်များကို မရပ်မနားပြုလုပ်လာခဲ့သည်။


ရန်သူသည် (၃၄၄) အမြောက်တပ်သို့ ပုသိမ်အခြေစိုက်တပ်ရင်းများမှ ထပ်မံ အင်အားဖြည့်တင်းနေသည့်နည်းတူ လေးမျက်နှာဘက်တွင်လည်း အင်အားဖြည့်တင်းလျက်ရှိသည်။ ထို့အပြင် ပုသိမ်-မုံရွာလမ်းပိုင်းစိုးမိုးရေးကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းတစ်လျှောက်၌ တပ်ဖြန့်နေရာယူခြင်းတို့ကို စစ်အင်အားအများအပြားသုံးကာ ပြုလုပ်လျက်ရှိသည်။


အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မိမိတို့နှင့်စစ်ဆိုင်ထားသောနေရာများအား အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလျက်ရှိသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။


အာရက္ခတပ်တော်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂/၃) ရက်နေ့တို့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုအား ရန်သူ၏ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကြားမှ ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်။


၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ (၂၂၇) ပွိုင့်ကုန်း၏ အနောက်ဘက် (၁.၁) ကီလိုမီတာခန့်အကွာ၌ တပ်စွဲထားသော ပထမကာကင်းကုန်းနေရာအားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ (၂၂၇) ပွိုင့်ကုန်းမှ (၁) ကီလိုမီတာခန့်အကွာအဝေးရှိ ဒုတိယကာကင်းကုန်း(တာဝါတိုင်စခန်းကုန်း)တို့အား မိမိတို့မှ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရယူနိုင်ခဲ့သည်။


အဆိုပါ ကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲများအတွင်းမှ ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့သည်။အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ပွိုင့် (၂၂၇) ကုန်းသို့ ကစဉ့်ကလျား ထွက်ပြေးနေသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းမှ ရန်သူများကို မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။


ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂/၃) ရက်နေ့တို့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုအား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် ရန်သူ့အလောင်းအချို့


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page