top of page

ထုတ်ပြန်ချက်



ထုတ်ပြန်ချက်


၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၁၂) ရက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်


ယနေ့သည် Mocha ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သော နှစ်လပြည့်နေ့ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ရက္ခိုင်ပြည်၏ မြို့အများစုကို ဗဟိုပြုတိုက်ခတ်ခဲ့သော Mocha ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲများနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး၊ အရေးပေါ် ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကိုဆောင်ရွက်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ အရေးပေါ်ဖွဲ့စည်းလိုက်သည့် Cyclone Mocha ERRCA ကော်မတီအနေဖြင့် မိမိတို့ အဖွဲ့အစည်းတွင်ရှိသော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာဌာနများမှ လူ့အရင်းအမြစ်၊ ငွေကြေးများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူလူထုများအတွက် လူသားချင်းစာနာ ထောက်ထားသောစိတ်ဓာတ်ဖြင့် ပြည်တွင်း၊ ပြည်ပမှ ထည့်ဝင်လှူဒါန်းကြသော အလှူငွေကြေးများဖြင့် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ခဲ့ပါသည်။


ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး နှစ်လတာကာလအတွင်း အမိုးအကာ အောက်သို့ ရောက်ရှိသွားသည့်ပမာဏမှာ ပျက်စီးဆုံးရှုံးမှုအားလုံး၏ (၇၅) ရာခိုင်နှုန်းအထက် အထိရှိခဲ့ပြီး အမိုးအကာအောက်သို့ မရောက်ရှိသေးသောသူများအားလုံး အမြန်ဆုံးရောက်ရှိ နိုင်ရန်အတွက်ကိုလည်း မရပ်မနား ဆက်လက်ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် အထောက်အကူပြုစေရန်အတွက် ဆိုင်ကလုန်းမိုခါနှင့် ပတ်သက်သော ပျက်စီးဆုံးရှုံးမှုပမာဏ အချက်အလက်မှန်များ အမြန်ဆုံးရရှိအောင်ကောက်ခံခြင်း၊ အရေးပေါ်လိုအပ်လျက်ရှိသော မုန်တိုင်းဒဏ်သင့် ပြည်သူများ၏ စားဝတ်နေရေးများကို ချက်ချင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း၊ မိုးစပါး၊ သီးနှံများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းအပါအဝင် မိမိတို့ လုပ်ဆောင်၍ရသည့် အရာများကို အကောင်းဆုံးဆောင်ရွက်လျက် ရှိပါသည်။


Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူပြည်သားများအပေါ် စိတ်အား၊ လူအား၊ ငွေအားဖြင့် ကူညီပေးကြသောသူများအားလုံးကို Cyclone Mocha ERRCA ကော်မတီမှ လေးလေးနက်နက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ တစ်ပြိုင်နက်တည်းတွင် အရေးပေါ် လိုအပ်လျက်ရှိသော အကူအညီများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ များစွာဆက်လက် ရှိနေသေး၍ မိဘပြည်သူများမှ လူသားချင်းစာနာထောက်ထားသော အကူအညီများကို တတ်နိုင်သည့်ဖက်မှ ကူညီပေးကြပါရန်ကိုလည်း ထပ်မံအကူအညီ တောင်းခံအပ် ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကုန်စည်ကူးသန်း ရောင်းဝယ် ဖောက်ကားကြသောသူများအနေဖြင့် အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အစရှိသော အခြေခံစားသုံးကုန်ပစ္စည်း၊ ဆေးဝါးများကို ဈေးနှုန်းအဆမတန်မြှင့်ကာ ရောင်းချခြင်းများကို မပြုလုပ်ကြပါရန်နှင့် သင့်တင့်သော စျေးနှုန်းများဖြင့် ရောင်းချကြပါရန် ကိုလည်း ကော်မတီမှ အထူးတိုက်တွန်းအပ်ပါသည်။


Cyclone Mocha ERRCA ကော်မတီ

Telegram: @HDCORelief

Telegram: @CycloneMochaERRCA

Mail: HDCO.ULA@outlook.com

192 views
bottom of page