top of page

၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်း

မေလ(၁၈) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ်၊ မြို့မချောင်း နှင့် ပြင်ချောင်းရွာအကြားတွင် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့သည်တိုက်ပွဲရှိခဲ့သည်။မေလ(၁၀)ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး၌ယနေ့ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အင်အား(၂၀၀)ခန့်ဗမာစစ်တပ်သည်မိမိတို့ရှိရာပတ်ဝန်းကျင်သို့နေရာ(၃)ခုမှတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်ယခုကဲ့သို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ညနေ(၃)နာရီ(၀၅)မိနစ်ခန့်အချိန်မှစ၍ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာသောရန်သူ့စစ်ကြောင်းအား အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့ပြီး (၁၀) မိနစ်အတွင်း ရန်သူ(၁၀) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင်ဒဏ်ရာရသူအချို့လည်းရှိခဲ့သည်။ ရန်သူသည် ညနေ(၄) နာရီ(၂၀) မိနစ်မှစတင်၍လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


ရန်သူသည်မေလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲတိုင်းတွင်အထိအခိုက်၊အကျအဆုံးများပြားနေခဲ့သည်။မေလ၏ရက်ပေါင်း (၁၈) ရက်အတွင်းတွင် ဗမာစစ်တပ်သည် ရခိုင်ပြည်စစ်မျက်နှာအတွင်း၌(ထိခိုက်+ကျဆုံး) သူအရေအတွက်မြင့်မားလာခြင်းနှင့်အတူနောက်ထပ်စစ်အင်အားများကိုထပ်မံဖြည့်တင်းလာနေသောကြောင့် တိုက်ပွဲများမှာဆက်လက်ပြင်းထန်လာမည့်အလားအလာများကိုတွေ့မြင်နေရပါသည်။


မိမိတို့အနေဖြင့်လည်း သာလွန်အင်အားများကိုအသုံးပြု၍ အမြစ်ပြတ်ချေမှုန်းရန်အားထုတ်လာသည့် ရန်သူအား တွန့်ဆုတ်မနေဘဲအကောင်းဆုံးခုခံရင်ဆိုင်တိုက်ခိုက်သွားမည်။ ထို့အပြင် လိုအပ်လျှင် လိုအပ်သလို တိုက်ပွဲဇုန်ကိုတိုးချဲ့သွားမည်။ ရခိုင်ပြည်သူလူထုအားနှိပ်စက်သတ်ဖြတ်နေသောတပ်ရင်း၊ တပ်မများ၊ကို အခွင့်ကြုံလျှင်ကြုံသလိုလက်တုံ့ပြန်သွားမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်



404 views
bottom of page