၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆၀) ခန့်ကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့သဖြင့် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို မိမိတို့ဘက်မှ (၂) ရက်ကြာ ထိန်းသိမ်းထားခဲ့သည်။ လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။
မိမိတို့စစ်ဆေးမေးမြန်းချက်များအရ ၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ငါးခိုးဖမ်းနေကြသော သူများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း နောက်နောင် အာရက္ခပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင် မိမိတို့ အာရက္ခတပ်တော် အနေဖြင့် အကြိမ်ကြိမ် ငါးခိုးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများ၏ မိသားစုစားဝတ်နေရေး အကျပ်အတည်းများကို ထောက်ထားငဲ့ညှာမှုနှင့်အတူ သက်ညှာပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မိမိတို့အဖွဲ့အစည်းအကြားရှိ နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့သော်လည်း ငါးခိုးဖမ်းလှေများကိုမူ ယနေ့တွင်မှ ပြန်လည်ပေးအပ်နိုင်ခဲ့သည်။
ဤကဲ့သို့ ရက်အနည်းငယ်ကြန့်ကြာနေရခြင်းမှာ မောင်တောဒေသ၌ စစ်ရေးပြင်းထန်နေမှုများနှင့် ငါးဖမ်းလှေများထိန်းသိမ်းထားရာနေရာမှ ပြန်လည်ပေးအပ်မည့်နေရာသို့ ပို့ဆောင်ရာတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရသောကြောင့် ပင်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင်မှ အဆိုပါ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) ထဲမှ (၇) စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။ ကျန်ငါးဖမ်းလှေ (၈) စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
နောင်နောက်များ၌ မိမိတို့ အာရက္ခရေပိုင်နက်အတွင်းသို့ ယခုကဲ့သို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာမည်ဆိုပါက မည်သူ့ကိုမဆို မိမိတို့၏ တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
Opmerkingen