top of page

"ရွှေရည်စိမ်နိုင်ငံ"



Editorial..

ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗမာပြည်အားဂျပန်နိုင်ငံမှဝင်သိမ်းပြီးနောက် ၁၉၄၃ ခုနှစ်၊ သြဂုတ်လ(၁) ရက်နေ့တွင် ဂျပန်မှဗမာပြည်အား ရွှေရည်စိမ်လွတ်လပ်ရေးကိုပေးခဲ့သည်။ ထို့ကြောင့် Dr.ဘမော်၊ အောင်ဆန်းတို့လက်ထက်တွင်ရရှိခဲ့သည်မှာ "ရွှေရည်စိမ်လွတ်လပ်ရေး" (ဝါ) "အတုအယောင်လွတ်လပ်ရေး" သာဖြစ်သည်။ တနည်း၊ဗမာပြည်သူပြည် သားတို့ပထမဆုံးရရှိခဲ့သောလွတ်လပ်ရေးမှာ ရွှေရည်စိမ်အတုအယောင်လွတ်လပ်ရေးဖြစ်ခဲ့သည်။

ရွှေရည်စိမ်လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် အလုံးစုံလွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ "လူမျိုးတိုင်းတန်းတူအခွင့်အရေးရရှိကြမည်"ဟူသော သဘောတူညီချက်မျိုးဖြင့် လူမျိုးအချို့မှပင်လုံစာချုပ်ကိုတစ်တိုင်းပြည်လုံးလွတ်လပ်ရေးမရခင်လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ပင်လုံစာချုပ်မှာ ဂျောင်ထိုးခြင်းခံခဲ့ရပြီးပင်လုံကတိမှာ ဖျောက်ဖျက်ခြင်းခံခဲ့ရသည်။ထို့ကြောင့် လူမျိုးအများစုမှာတန်းတူအခွင့်အရေးကိုယနေ့တိုင်မရရှိကြသေးဘဲ တန်းတူအခွင့်အရေးရရှိရေးအတွက်ဆက်လက်တိုက်ပွဲဝင်နေကြသည်။

ပင်လုံကတိပါစာသားတို့လျစ်လျူရှုခံရခြင်း၏ အကျိုးဆက်အနေဖြင့် ဗမာပြည်၏ ပြည်တွင်းစစ်မီးမှာဆက်၍တောက်လောက်နေဆဲပင်ဖြစ်သည်။ ၁၉၄၈ နောက်ပိုင်းမှယနေ့ အထိ ပြည်တွင်းစစ်ဒဏ် ကို ဗမာလူမျိုများနေထိုင်သောဒေသများမှလွဲ၍ ကျန်လူမျိုးများသည်တစ်လှည့်စီ၊အလှည့်ကျအလူးအလဲခံနေကြရသည်။ ရွှေရည်စိမ်ဒီမိုကရေစီအစိုးရလက်ထက်၌လည်း ပြည်တွင်းစစ်၏သားကောင်များမှာဆက်လက်ရှိနေဆဲဖြစ်သည်။

အာဏာရှင်အစိုးရလက်ထက်မှ ဒီမိုကရေစီအစိုးရသို့အကူးအပြောင်းကာလ၌ Democracy Icon ဒီမိုကရေစီပြယုဂ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင်လည်း ပြည့်ဝဒီမိုကရေစီမဟုတ်ဘဲ "ရွှေရည်စိမ်အတုအယောင်ဒီမိုကရေစီ" ကိုသာ ပြည်သူလူထုမှရရှိခဲ့သည်။ တစ်မတ်သားလျော့ဒီမိုကရေစီနှင့်အတူ NLD အစိုးရသည် ၎င်းတို့အစိုးရမဖြစ်ခင် မဲဆွယ်စဉ်ကာလ၊ အစိုးရဖြစ်စဉ်ကာလများတွင်ပြည်သူလူထုကိုပေးခဲ့သောကတိများမှာလည်း အကောင်အထည်မဖော်ပေးနိုင်သေးသည့်အပြင်ဆက်လက်ပျက်ကွက်နေပြီး ရွှေရည်စိမ်ဒီမိုကရေစီနှင့်နပန်းလုံးရင်း အစိုးရသက်တမ်းတစ်ခု(၅ နှစ်)ကုန်ခါနီးသို့ပင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

အခြားတစ်ဖက်တွင် ရွှေရည်စိမ်ဒီမိုကရေစီနှင့်အတူပါလာသော စစ်ရာဇဝတ်အရှုပ်ထုပ်အား ပိုက်ဘောမိကာ သူမ၏ရရှိပြီးသားဒီမိုကရေစီဆုတံဆိပ်များမှာလည်း တစ်ဆုပြီးတစ်ဆုရုပ်သိမ်းခံရထားပြီးဖြစ်သည်။ Genocide defender စစ်ရာဇဝတ်သားများကိုအကာအကွယ်ပေးသူဖြစ်မှန်းမသိဖြစ်ကာ အာဏာရမ္မက်ဝဲဂယက်အတွင်း နစ်မှန်းမသိနစ်ယင်း ရွှေရည်စိမ်ဒီမိုကရေစီအာဏာရှင်အစိုးရဖြစ်လာခဲ့သည်။

အာဏာရှင်အစိုးရ မှ ဒီမိုကရေစီအစိုးရသို့ အကူးအပြောင်းတွင် ပြည်သူတို့ရရှိထားသည်မှာ အာဏာရှင်တစ်ဝက်ရွှေရည်စိမ်ဒီမိုကရေစီသာဖြစ်သည်။ ဒီမိုကရေစီအပြည့်အဝရရှိရန်ကားအလှမ်းဝေးနေဆဲဖြစ်သည်။ အတုအယောင်ဒီမိုကရေစီအားခွာချရန်လိုသည်။ ထိုသို့အတုအယောင်ရွှေရည်စိမ်အားခွာချရန်ပထမဆုံးအနေဖြင့် အာဏာရှင်စနစ်အား အမြစ်ဖြုတ်တိုက်ထုတ်ရန်အထူးလိုအပ်နေသည်။

အောင်ဆန်းလက်ထက်၌ပြည်သူတို့သည် ရွှေရည်စိမ်လွတ်လပ်ရေးကိုရရှိခဲ့ဖူးကြသည်။ ထို့အတူ အောင်ဆန်းစုကြည်လက်ထက်၌လည်း ရွှေရည်စိမ်ဒီမိုကရေစီကိုရရှိထားကြသည်။ ထို့ကြောင့် ရွှေရည်စိမ်လွတ်လပ်ရေး နှင့် ရွှေရည်စိမ်ဒီမိုကရေစီတို့သည် သားအဖနှစ်ဦးလက်ထက်၌တိုက်ဆိုင်နေပြီး ရွှေရည်စိမ်သားအဖဟုခေါ်ဆို၍ရပေလိမ့်မည်။

ထို့အပြင် ဗမာအစွန်းရောက်စစ်ဝါဒီဖက်ဆစ် တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေကိုဖန်တီးပြီး ရွှေရည်စိမ်ပြည်ထောင်စုကိုဗားရှင်းတစ်မျိုးဖြင့်တည်ဆောက်နေကြပြန်သည်။ ရွှေရည်စိမ်လူမျိုးတို့ဦးဆောင်နေသမျှကာလပတ်လုံး ဤနိုင်ငံသည် ရွှေရည်စိမ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင်ဝင့်ထည်နေအုံးမည်မှာ အသေအချာပင်ဖြစ်သည်။

(ULA)အယ်ဒီတာအဖွဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်၊ စနေနေ့။

431 views
bottom of page