
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
အမှတ်၊ (၃/၂၀၂၂)
၁၃၈၃ ခုနှစ်၊ တပို့တွဲလကွယ်နေ့
၂၀၂၂ ခုနှစ်၊ မတ်လ (၁) ရက်
ရက္ခိုင်ဒေသအတွင်း COVID-19 ကိုရိုနာကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ထပ်မံအသိပေး ထုတ်ပြန်ကြေညာချက်
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကမ္ဘာ့ကူးစက်မြန် ကိုရိုနာရောဂါပိုးသည် စတုတ္ထလှိုင်းအနေဖြင့် ရက္ခိုင်ဒေသအတွင်း၌ တစ်ကျော့ပြန်ကူးစက်ပျံ့နှံ့လာနေသောကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကြိုတင်ကာကွယ်တားဆီးခြင်းလုပ်ငန်းများ၌ ထိရောက်မှုရှိစေရန်၊ ကူးစက်ခံရသူအရေအတွက် လျော့နည်းသွား စေရန်ရည်ရွယ်၍ COVID-19 ဆိုင်ရာ သတိပေးထုတ်ပြန်ကြေညာချက်တစ်စောင်အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၌ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
မိမိတို့ ပြည်သူလူထုများအနေဖြင့် ကိုရိုနာရောဂါဆိုင်ရာအသိတရားနှင့် အတွေ့အကြုံများရှိထားပြီးဖြစ်ခြင်း၊ ထုတ်ပြန်ထားသောစည်းကမ်းများကို အတိုင်းအတာတစ်ခုအထိလိုက်နာမှုရှိခြင်း၊ ကိုရိုနာရောဂါပိုးနှင့် အတူနေထိုင်တတ်သော အလေ့အကျင့်ရရှိသွားပြီးဖြစ်ခြင်း၊ လူစုလူဝေးဖြစ်စေသောအခြေအနေ၊ အခင်းအကျင်းများ လျော့ပါးသွားခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတစ်လတာအတွင်း ရက္ခိုင်ဒေသ၌ ကိုရိုနာရောဂါပိုးကူးစက်ခံရသူအရေအတွက်၊ ရောဂါကူးစက်ပျံ့နှံ့နှုန်းများမှာ ထင်ထားသကဲ့သို မြင့်မားခြင်းမရှိသည်ကိုတွေ့ရှိရသည်။
ထို့အတူ ရောဂါပိုးကူးစက်ခံရသောသူများထဲမှ ရောဂါပြင်းထန်သူ၊ သေဆုံးသူများမရှိခြင်းတို့မှာ များစွာကံကောင်းသည်ဟု ပြော၍ရပေမည်။ ထိုအပြင် ကိုရိုနာရောဂါပိုးကူးစက်ခံရသူအများစု၌ အနံ့ပျောက် လက္ခဏာကိုမတွေ့ရဘဲ ရာသီတုပ်ကွေးလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစီးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်လက္ခဏာအများစုကိုသာတွေ့ရသည်သာမက အချိန်တိုတိုအတွင်း သက်သာ ပျောက်ကင်းသွားသည်ကိုလည်း တွေ့ရှိရသည်။ အခြားတစ်ဖက်တွင် ရက္ခိုင်ဒေသအတွင်း၌ COVID-19 ကာကွယ်ဆေးထိုးထားပြီးသည့် လူအရေအတွက်မှာ ရာခိုင်နှုန်းအပြည့်အဝသို မရောက်ရှိသေးသော်လည်း အခြားဒေသများနှင့် နှိုင်းစာလျှင် ရာခိုင်နှုန်းမြင့်မားနေခြင်းက Herd immunity ဖြစ်ပေါ်နေခြင်းနှင့်အတူ ကိုရိုနာရောဂါပိုးကူးစက်နှုန်းကို သိသိသာသာလျော့ပါးစေပြီး အကျိုးသက်ရောက်မှုရှိသည်ဟု ပြော၍ရနိုင်ပါသည်။
ရက္ခိုင်ဒေသအတွင်းနေ ပြည်သူလူထုများအနေဖြင့် ကိုရိုနာကူးစက်ရောဂါဆိုင်ရာ မဖြစ်မနေ လိုက်နာရမည့် အခြေခံအကျဆုံးသော စည်းကမ်းများကို တိတိကျကျလိုက်နာကြရန်၊ လူစုလူဝေးဖြစ်ပေါ်စေသော အခြေအနေများကို မဖန်တီးကြရန်၊ ရောဂါပိုးကူးစက်ပျံ့နှံ့သည့်အခြေအနေများကို နေ့တိုင်းမပြတ်သတိပြု နားစွင့်ထားကြရန်၊ စည်းကမ်းပေါ့လျော့စွာဖြင့် သွားလာနေထိုင်ခြင်းမပြုလုပ်ကြရန်၊ COVID-19 ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးရသေးသောသူများအနေဖြင့် ကာကွယ်ဆေးအား မဖြစ်မနေထိုးနှံထားကြရန်၊ Booster Dose များကိုလည်း အခါအခွင့်သင့်က ထိုးထားကြရန် တိုက်တွန်းပါသည်။
COVID-19 ပထမလှိုင်းမှ စတုတ္ထလှိုင်းအထိ ကိုဗစ်ကာကွယ်ကုသရေးနှင့် ကာကွယ်ဆေးထိုးပေးသည့် လုပ်ငန်းများ၌ ရှေ့တန်းမှဆောင်ရွက်ပေးနေကြသော ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းသူရဲကောင်းများကို လေးလေးနက်နက် မှတ်တမ်းတင်အပ်ပါသည်။
မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် COVID-19 စတုတ္ထလှိုင်းအခြေအနေကို သတိထား စောင့်ကြည့်လျက်ရှိနေပြီး ရက္ခိုင်ဒေသအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှု အခြေအနေပေါ်မူတည်၍ ကာကွယ် တားဆီးခြင်းဆိုင်ရာ အသိပေးချက်များကို လိုအပ်သလို ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် COVID-19 ဆိုင်ရာ ကာကွယ်တားဆီးရေး၊ အထောက်အကူပြု ပစ္စည်းများကို ဆက်လက်ကူညီပေးခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများအနေဖြင့်လည်း COVID-19 ဆိုင်ရာဗဟုသုတ၊ အသိပညာများမျှဝေခြင်းတို့ကို ဆက်လက်ပြုလုပ်ကြရန် တိုက်တွန်းရင်း COVID-19 တစ်ကျော့ပြန် ကူးစက်ပျံ့နှံ့လာနေခြင်းနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထပ်မံအသိပေးထုတ်ပြန် ကြေညာအပ်ပါသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်


Comments