top of page

မြန်မာ့တပ်မတော်မှပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန်ချက်အပေါ်ULA/AA၏သဘောထားထုတ်ပြန်ချက်



ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်


အမှတ် (၂၅/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၄) ရက်

၂၀၂၀ ပြည့်နှစ်၊ မေလ (၁၀) ရက်


COVID-19 ထိန်းချုပ်ရေးကာလအတွင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ်

ULA/AA ၏ သဘောထားထုတ်ပြန်ချက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၂၀ ပြည့်နှစ်၊ မေလ (၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ‘‘ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်’’ သည် အနှစ်သာရမပါရှိဘဲ ဟန်ပြထုတ်ပြန်လိုက်သည့်‌ ကြေညာချက်တစ်ခုသာဖြစ်သည်။ ကိုရိုနာကူးစက်ရောဂါထိန်းချုပ်ရေးကာလအား ခုတုံးလုပ်ကာ မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့၏ စစ်ဆင်ရေးနှင့် နိုင်ငံရေးရည်ရွယ်ချက်များကို အမြတ်ထုတ်ရန် ကြိုးစားသည့် လူပါးဝသောထုတ်ပြန်ချက်၊ ICJ ၏ ဖိအားများကိုလျော့ချရန် ရည်ရွယ်ထုတ်ပြန်သော ကြေညာချက် တစ်ခုလည်းဖြစ်သည်။

မြန်မာ့တပ်မတော်မှ ထိုးစစ်ကြီးများကိုပြုလုပ်နေသောအချိန်၌ COVID-19 ကူးစက်ရောဂါထိန်းချုပ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာအစိုးရမှ အထောက်အကူပြုအချက်အလက်များပေးပို့နေခြင်း နှင့် မြန်မာ့တပ်မတော်မှ ပူးပေါင်းဆောင်ရွက်ရန် ပြောဆိုနေခြင်းမှာ ကျိုးကြောင်းဆီလျော်မှုမရှိသော တာဝန်မဲ့ နိုင်ငံရေးမျက်နှာပြောင်တိုက် လှည့်စားချက်တစ်ခုသာဖြစ်သည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒများကို လိုက်နာရမည်ဟု ထည့်သွင်းဖော်ပြနေခြင်းမှာ မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုမလိုလားကြောင်း ဖော်ပြထားခြင်းပင်ဖြစ်သည်။

မြန်မာ့တပ်မတော်၏ ဤကဲ့သို့သောထုတ်ပြန်ချက်မျိုးသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ယခုထုတ်ပြန်ချက်အသစ်သည် ယခင်ထုတ်ပြန်ချက် အဟောင်းနည်းတူ ရခိုင်‌ဒေသတစ်ခုတည်းကိုချန်လှပ်ပြီး “ရက္ခိုင့်တပ်တော်” အား တစ်ဖွဲ့တည်း သီးသန့်ဖယ်ထုတ်ကာ ထိုးစစ်ဆင်တိုက်ခိုက်ရန်အတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ တစ်ဖက်သတ်ထိုးစစ်ဆင် နေမှုများကြောင့် ယနေ့အချိန်အထိ တိုက်ပွဲများမရပ်တန့်သေးဘဲ မြန်မာပြည်၏ အဆိုးဝါးဆုံးသော ပြည်တွင်းစစ်မီး တောက်လောင်နေရသည့်အဆင့်သို့ ရောက်ရှိနေရခြင်းဖြစ်သည်။ ဤသည်မှာ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့၏ ပူးတွဲမိုက်တွင်းနက်မှုများကြောင့်သာဖြစ်သည်။

ထိုသို့ဆိုးဝါးသည့်အခြေအနေ၌ မြန်မာ့တပ်မတော်မှ ယခင်ကဲ့သို့ အလားတူ တစ်ထပ်တည်းကျသော ထုတ်ပြန်ကြေညာချက်မျိုးသည် “ရက္ခိုင့်တပ်တော်” အား ရှိသမျှတပ်မများနှင့် ယခင်ထက်ကြီးမားသော ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်မည်ဟု ထပ်မံကြေညာလိုက်ခြင်းပင်ဖြစ်သည်။ စစ်ရာဇဝတ်မှုများ၊ လူမျိုးဖြုတ်သုတ်သင်ရှင်းလင်းရေးကို ဦးတည်သောလုပ်ရပ်များ၊ ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ကြီးမားသောပြစ်မှုကျူးလွန်ခြင်းများကို ယခင်ထက်ပိုမိုဆိုးဝါးစွာ ကျူးလွန်တော့မည်ဟု ပြောင်ပြောင်တင်းတင်း အသိပေးလိုက်ခြင်းပင်ဖြစ်သည်။

ထို့‌ကြောင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ COVID-19 ထိန်းချုပ်‌ရေးကာလအတွင်း ထုတ်ပြန်ချက်သည် ရက္ခိုင့်တပ်တော်နှင့် ညီနောင်မဟာမိတ်များအကြား စည်းလုံးမှုပြိုကွဲစေရန် မြန်မာ့တပ်မတော်၏ နိုင်ငံ‌ရေးအရ သပ်လျှိုဖြိုခွဲသောနည်းလမ်းဖြင့် တိုက်ခိုက်မှုမျိုးသာဖြစ်သည်။ ထို့အပြင် ယခင်ထက်ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို မြန်မာ့တပ်မတော်မှ ပြုလုပ်နေစဉ်ကာလအတွင်း အခြားသော မဟာမိတ်ညီနောင် အဖွဲ့အစည်းများအနေဖြင့် စစ်ရေး၊ နိုင်ငံရေးအရ အကူအညီမပေးနိုင်ရန် COVID-19 ထိန်းချုပ်ရေးကာလအတွင်း ကျိုးကြောင်းဆီလျော်မှုမရှိသော နိုင်ငံရေးညစ်လုံးများဖြင့် စီကာပတ်ကုံးထားသော ကြေညာချက်တစ်ခုလည်း ဖြစ်ပါသည်။ မိမိတို့ ULA/AA အနေဖြင့် စစ်ရေး၊ နိုင်ငံရေးများကို အခြေအနေ၏လိုအပ်ချက်နှင့်အညီ လိုအပ်လျှင်လိုအပ်သလို ညီနောင်မဟာမိတ်များနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်

463 views
bottom of page