တိုက်ပွဲသတင်းထုတ်ပြန်ချက်
- 7 days ago
- 2 min read









တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၅) ရက်
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ချင်းပြည် (တောင်ပိုင်း) အစရှိသော အာရက္ခဒေသနှင့် နယ်မြေထိစပ်လျက်ရှိနေသည့် နေရာများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ အာရက္ခတပ်တော်ထိန်းချုပ်ထားသော မြို့များထဲမှ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝီရဌာနီ(ပေါက်တော) နှင့် ပုဏ္ဏားကျွန်း-စစ်တွေမြို့ အစပ်နေရာများ၊ အရပ်သားပြည်သူများရှိရာ မြို့ ၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများအား လေကြောင်းမှ အုပ်စုလိုက် နေ့ည၊ အချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ထို့ကြောင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်ပြီး ထိုးဖောက်ရန် ကြိုးစားနေသော နေရာတိုင်း၌ မြေပြင်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ မြေပြင်တိုက်ပွဲများတွင် အထိအခိုက် အကျအဆုံးများကာ အသာစီးမရသောကြောင့် ၎င်းတို့၏ အားသာချက်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုများကိုသာ အရှိန်မြှင့်ပြီး အားပြုတိုက်ခိုက်လျက်ရှိနေသည်။ ဤသည်ကို အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင်သာမက မြန်မာနိုင်ငံအနှံ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အခြားသောနေရာများ၌လည်း တွေ့မြင်နေရသည်။
အာရက္ခတပ်တော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော အဓိကနေရာကြီးများထဲမှ ရက္ခိုင်-ဧရာဝတီ အစပ်ရှိ တိုက်ပွဲများမှာ ဆက်လက်ရှိနေပြီး တချို့နေ့ရက်များတွင် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုအပြင် ရာသီဥတုအခြေအနေအပေါ်မူတည်၍ နှစ်ဖက် ထိုးစစ်၊ ခံစစ်များသည် အနိမ့်အမြင့်ရှိခဲ့သည်။ သို့သော် တိုက်ပွဲမရှိသောနေ့ရက်ဟူ၍ မရှိသလောက် ဖြစ်ခဲ့ပြီး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များမှာ နေ့စဉ်နီးပါး တစ်နေရာရာ၌ ရှိနေဆဲဖြစ်သည်။
ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မိမိတို့ တပ်စွဲထားသော နေရာများသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောအချိန်မျိုးရှိသကဲ့သို့ မိမိတို့ဘက်မှလည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုများရှိခဲ့သည်။ မြေပြင်၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ မဖြစ်ပွားသောနေ့ရက်များတွင်မူ ရန်သူ့ဘက်မှ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့မှာ နေ့တိုင်းနီးပါးရှိခဲ့သည်။
ပုသိမ် နတခ မှ ထပ်မံအင်အားဖြည့်တင်းထားပြီး အာရက္ခပြည်၊ ဂွမြို့ကိုဝင်ရောက်နိုင်ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်လာသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁)၊ ခလရ (၁၁) တပ်ရင်းများ နှင့် အာရက္ခတပ်တော် တို့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် (၃.၇) နှင့် (၃.၃) ကီလိုမီတာခန့်အကွာတို့တွင် (၂) နာရီနီးပါးကြာ တိုက်ပွဲများ နေရာ (၂) ခု၌ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်။
ပထမတစ်နေရာဖြစ်သော ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် (၃.၃) ကီလိုမီတာခန့်အကွာတွင် နံနက် (၁၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၁) နာရီ (၅၀) မိနစ်အထိ အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် မိမိတို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရန်သူသည် ဒရုန်းနှင့် မြေပြင်ပစ်ကူအများအပြားသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအချိန် (၂) နာရီကြာမြင့်ခဲ့ပြီး မိမိတို့မှ အကောင်းဆုံး ခုခံတိုက်ထုတ်ခဲ့သဖြင့် ရန်သူသည် အထိအခိုက် အကျအဆုံးများနှင့် တပ်ပြန်ဆုတ်သွားခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့သည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် (၃.၇) ကီလိုမီတာခန့်အကွာတွင် ညနေ (၃) နာရီ (၀၄) မိနစ် အချိန်ခန့်မှစ၍ တိုက်ပွဲ ဒုတိယတစ်နေရာ ထပ်မံဖြစ်ပွားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ရန်သူသည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး မိမိတို့ဘက်မှ အကောင်းဆုံး ခုခံစစ်၊ တန်ပြန်ထိုးစစ်များဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူသည် အထိအခိုက် အကျအဆုံးများနှင့် တပ်ပျက်ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဤတိုက်ပွဲသည်လည်း အချိန် (၁) နာရီကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ရန့်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့တို့ကို မိမိတို့မှ ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၌လည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် (၁.၀၆) ကီလိုမီတာခန့်အကွာတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့သည် နေ့လယ် (၁) နာရီ (၅၁) မိနစ်မှ ညနေ (၃) နာရီ (၄၀) မိနစ်အထိ (၂) နာရီနီးပါးကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သေးသည်။ အဆိုပါတိုက်ပွဲတွင်လည်း မိမိတို့ဘက်မှ ရန်သူ့လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် ၏ ထိုးစစ်တိုင်းကို ရဲရင့်ပြောင်မြောက်သော သတ္တိတို့နှင့်အတူ ခုခံစစ်များအား ဆင့်ကဲကွပ်ကဲမှုကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များကို မိမိတို့စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာ အနောက်မြောက်ဘက် (၃.၇) နှင့် (၃.၃) ကီလိုမီတာခန့်အကွာတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်




Comments