Sep 21, 2019

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်မှ (၂၁) ရက်နေ့အထိ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ စက်တင်ဘာလ၊ တတိယအပတ်အတွင်း ရခိုင်ပြည်အတွင်းတိုက်ပွဲများနေရာအနှံ့ဆက်လက်ရှိနေခဲ့သည်။ မြန်မာစစ်တပ်ဖက်မှ ရခိုင်ဒေသတစ်ခုတည်းကိုချန်လှပ်ပြီး အခြားသောစစ်တိုင်းများတွင် တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခြင်းအားကြေညာထားသော်လည်း ရခိုင်၊ကိုးကန့်၊တအာင်းဒေသများတွင်လည်း တိုက်ပွဲများဆက်လက်ရှိနေဆဲပင်ဖြစ်သည်။

မြန်မာစစ်တပ်ဖက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၂၁) ရက်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်နေ့အထိ (၉) လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခဲ့ပြီးနောက်,ထပ်မံသက်တမ်းတိုးခြင်း မရှိသောကြောင့် နောက်နေ့များတွင်မြန်မာစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကိုစောင့်ကြည့်ရုံသာရှိသည်။
 

ထို့ကြောင့် မြန်မာစစ်တပ်၏ လေးလတာ၊နှစ်လတာ၊ နှစ်ဆယ့်တစ်ရက် စသည်ဖြင့် အဖြတ်လိုက်တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းမှာ ထိရောက်မှုမရှိဘဲ တိုက်ပွဲဧရိယာ နှင့် တိုက်ပွဲအရှိန်မြင့်တက်လာရန်ရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်နေခြင်းပင်ဖြစ်သည်ဟု ဆို၍ရပေမည်။ အခြားတစ်ဖက်တွင် မြန်မာစစ်တပ်အနေဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်များအတွက်လက်နက်ကိုင်တော်လှန်နေကြသောမိမိတို့လူမျိုးများ၏ဒေသများကိုတပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်အင်အားမလုံလောက်သောကြောင့် ယခုကဲ့သို့ နည်းလမ်းအမျိုးမျိုးဖြင့်၊ အကြံအဖန်လုပ်ကာတစ်ဖွဲ့ချင်းအလိုက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းပင်ဖြစ်သည်။
 

ထို့အတူ မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့နှင့် NRPC တို့တွေ့ဆုံကြသည့်အချိန်များတွင်လည်း ရခိုင်ဒေသအတွင်း တိုက်ပွဲများလျော့ကျစရေးကိုမိမိတို့ဖက်မှ ပြောဆိုသော်လည်း ဂရုတစိုက်အလေးထားဆောင်ရွက်မှုနည်းပါးခြင်းနှင့်အတူ မြန်မာစစ်တပ်မှ ရခိုင်ဒေသအတွင်း မည်၍မည်မျှထိုးစစ်ဆင်တိုက်ခိုက်နေစေကာမူ ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိဟူသောအဓိပ္ပာယ်သက်ရောက်စေခဲ့ပြီး ရခိုင်ဒေသ၌လည်း တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျှက်ရှိနေဆဲဖြစ်သည်။ ထိုးစစ်များကိုဆက်လက်ပြုလုပ်နေဆဲပင်ဖြစ်သည်။
 

မြန်မာစစ်တပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ၊ စစ်ဆင်ရေးကိုဆက်လက်ပြုလုပ်နေမှုများကြောင့် မိမိတို့အနေဖြင့်သော်လည်းကောင်း၊ ညီနောင်မဟာမိတ်(၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း တစ်ဖွဲ့ချင်း(သို့) အစုအစည်းဖြင့်ဟန်ချက်ညီခုခံကာကွယ်စစ်ကိုဆင်နွှဲသွားမည်ဖြစ်ကြောင်းကြေညာထားပြီးဖြစ်သည်။
 

ထို့ကြောင့် မြန်မာစစ်တပ်မှ မိမိတို့ထဲမှတစ်ဖွဖွဲ့အား(သို့မဟုတ်) သုံးဖွဲ့စလုံးအား ယခုကဲ့သို့ထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေမှုများရှိနေသမျှကာလပတ်လုံး မိမိတို့ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်တိုက်ပွဲများဆက်လက်ရှိနေအုံးမည်ဖြစ်သည်။ လိုအပ်လျှင်လိုအပ်သလို ဆက်လက်ခုခံကာကွယ်စစ်များကိုဆင်နွှဲနေရအုံးမည်။
 

မိမိတို့အနေဖြင့် မြန်မာစစ်တပ်၏ ထိုးစစ်ကို ဟန့်တားသောအနေဖြင့် မြန်မာစစ်တပ်၏ထိုးစစ်တွင် အသုံးပြုနေသော စစ်ဖက်ဆိုင်ရာတပ်စခန်းများ၊ လက်နက်ကြီးစခန်းများ၊ စစ်သဘောင်္များ၊ ရဟတ်ယာဉ်များနှင့် စစ်ဆင်ရေးကိုအထောက်အပံ့ဖြစ်စေသော စစ်ရေးနှင့်သက်ဆိုင်မှုများကို လိုအပ်လျှင်လိုအပ်သလိုဟန့်တားသွားမည်ဖြစ်သည်။
 

ထို့အတူ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၀) ရက်နေ့တွင်လည်း မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့၏သဘောထားကို အပိုဒ်(၃) ထဲတွင်အတိအလင်းထုတ်ပြန်ထားပြီးဖြစ်သည်။ မြန်မာစစ်တပ်အနေဖြင့် မိမိတို့ညီနောင်မဟာမိတ်(၃)ဖွဲ့ထဲမှ တစ်ဖွဲ့ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ မိမိတို့၏တပ်စခန်း၊လေ့ကျင့်ရေးစခန်းများကိုတိုက်ခိုက်ခြင်း၊ မိမိတို့ဒေသတွင် စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်း၊ တိုက်ပွဲများမရှိဘဲ လက်နက်ကြီးအမြောက်အမြားဖြင့်စုပြုံပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်သဘောင်္၊ ရဟတ်ယာဉ်များပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေးအမုန်းတရားများဖြင့်ဦးတည်တိုက်ခိုက်ခြင်း၊ စစ်ဘေးရှောင်ပြည်သူလူထုများကို အကြောင်းအမျိုးမျိုးပြကာ လူသားစိတ်ကင်းမဲ့စွာဖြင့်ရိက္ခာများဖြတ်တောက်နေခြင်း စသည်များကိုပြုလုပ်လာမည်ဆိုပါက မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့ဖြစ်သော ကိုးကန့်၊တအာင်း၊ရခိုင် အဖွဲ့တို့အနေဖြင့် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူလူထုများနှင့်လက်တွဲပြီး မိမိကိုယ်မိမိခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
 

စက်တင်ဘာလ(၁၅/၁၆) နှစ်ရက်တာကာလအတွင်း မြန်မာစစ်တပ်၏ တပ်မ(၅၅) လက်အောက်ခံ၊ ဟဲဟိုးအခြေစိုက်၊ ခမရ(၁၈) မှ မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့သည်။ ခမရ(၁၈) တပ်ရင်းအနေဖြင့် ၎င်းတို့၏ထိုးစစ်အတွင်းအရာရှိအချို့အပါအဝင် သေဆုံးသူ(၂၀) ကျော် နှင့်ထပ်မံထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။
 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၆) ရက်နေ့၊ ရက္ခိုင့်တပ်တော်အနေဖြင့် ခမရ(၁၈) တပ်ရင်းထံမှ စစ်လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သည်။
 

စက်တင်ဘာလ(၁၆) ရက်နေ့တွင်၊ ရခိုင်ပြည်၊ကျောက်တော်၊ ပုဏ္ဏားကျွန်း၊မင်းပြားမြို့နယ်များတွင်လည်းကောင်း (သတင်းဖော်ပြပြီး)
 

စက်တင်ဘာ(၁၇) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ "ရီးမဝရွာ" နှင့်"ရေချမ်းဝရွာ"အကြားတွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ "အပေါက်ဝရွာ" နှင့်"ပြိန်းချောင်းဝရွာ" အကြားတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ "ပြင်လျှားရှည်ရွာ"နှင့်" အောင်ဆိပ်ရွာ" အကြားတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊"ယိုးငူရွာ" နှင့်" ကျောက်ဆိပ်ရွာ" အကြားတွင်လည်းကောင်း၊
 

စက်တင်ဘာ(၁၈) ရက်နေ့တွင် မင်းပြားမြို့နယ်၊ကျောင်းတောင်ရွာ၊အရှေ့မြောက်ဖက်(၉.၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်လည်းကောင်း
 

စက်တင်ဘာလ(၁၉) ရက်နေ့တွင်၊ ဘူးသီးတောင်မြို့နယ်၊ဥယျာဉ်သာရွာအနီးတွင်လည်းကောင်း၊
 

စက်တင်ဘာလ(၂၀) ရက်နေ့တွင်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာအနီးတွင်လည်းကောင်း၊ ဝါးခတ်ချောင်းရွာအနီး၊ ဘူးသီးတောင်၊စကခ(၁၅) ဌာနချုပ်အရှေ့ဖက်တောင်တန်းတွင်လည်းကောင်း၊တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ(၂၁) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊အငူမော်ရွာ၊အရှေ့တောင်ဖက်(၁.၈) ကီလိုမီတာ အကွာအဝေးတွင်လည်းကောင်း၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊"အသေကာလရွာ" နှင့်"ဝါးတောင်ရွာ" အကြားတွင်လည်းကောင်း၊ မြေပုံမြို့နယ်၊ အတွင်းတွင်လည်းကောင်း တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။
 

မိမိတို့အနေဖြင့် တိုက်ပွဲများကိုအချိန်နှင့်တပြေးညီ တင်ပေးလိုသော်လည်း ဆက်သွယ်ရေးအခက်အခဲအချို့ကြောင့် အချိန်နောက်ကျပြီးမှတင်ရခြင်းဖြစ်သည်။
 

သတင်းနှင့်ပြန်ကြားရေး
 
ရက္ခိုင့်တပ်တော်

    424
    0